ထားဝယ်မြို့အခြေစိုက် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် လုပ်ဆောင်နေသည့် URC (University Research Co.CLL) အဖွဲ့က ဆရာဝန်သုံးဦးနှင့် ကျန်းမာရေးအရာရှိတစ်ဦး စုစုပေါင်းလေးဦး ဖမ်းဆီးခံရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။
၎င်းတို့ လေးဦးကို ဩဂုတ်လ ၇ ရက်ညက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ပြန်လွတ်လာခြင်း ရှိ မရှိ သိရှိရန် URC ရုံးချုပ် ဖုန်းနံပတ်အား ယနေ့ ဩဂုတ်လ ၁၀ နေ့လယ်ပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
URC သည် ထားဝယ်ဒေသတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့်လကလည်း ထားဝယ်ဒေသတွင် HIV လူနာများကို ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ရုံးက ဆရာဝန်တို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
URC ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ဆရာဝန်သုံးဦးနှင့် ကျန်းမာရေးအရာရှိတို့ မည်သည့်အကြောင်းအရင်းကြောင့် အဖမ်းခံရသည်နှင့် ပြန်လည် လွတ်မြောက်ခြင်း ရှိ မရှိကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။
တနင်္သာရီတိုင်း စစ်ကောင်စီ၏ လူမှုရေးဝန်ကြီးထံလည်း ယင်းကိစ္စမေးမြန်းအတည်ပြုရန် ယနေ့ ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီက ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။