BREAKING
September 20, 2024

မွန် သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲဖြစ်

August 10, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံးနှင့် သဘင်လုပ်သားများထံမှ သိရသည်။

ဇာတ်သဘင်များ ရပ်နားထားရသည့်အတွက် ဇာတ်ဆရာများက သဘင်လုပ်သားများအား လုပ်အားခ မရှင်းပေးနိုင်ခြင်းကြောင့် သဘင်လုပ်သား ၁၅၀ဝ ကျော်အနေနှင့် ထိုကဲ့သို့ ကြုံနေရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌက ပြောသည်။

ကွမ်းသမားနှင့် ကိုဗစ်

“သဘင်သမားဆိုတာ စပေါ်ငွေနဲ့ စရန်ငွေကို မျှော်စားရတာ။ အခု အလုပ်မရှိတော့ စပေါ်ငွေမရဘူး။ ဒီတော့ စားဝတ်နေရေး အိမ်ငှားခနဲ့ ကျောင်းဖွင့်လာပြီ ဆိုရင် သဘင်သမားတွေအတွက် ခက်ခဲတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးစံလင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း မြန်မာဇာတ်သဘင်နှင့် မွန်ဇာတ်သဘင် စုစုပေါင်း ၄၁ ဖွဲ့ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန် မတ်လမှစတင်ကာ သဘင်လုပ်ငန်းများ ရပ်နားထားရသည်ဟု ပြည်နယ်သဘင်အစည်းအရုံး တာဝန်ရှိသူများထံမှ သိရသည်။

ယခုအခါ စားဝတ်နေရေးဖြေရှင်းနိုင်ရန်အတွက် သဘင်သမားများအနေနှင့် ဆိုင်ကယ် တက္ကစီပြေးဆွဲခြင်း၊ ကောက်စိုက်ခြင်းစသဖြင့် အလုပ်ကြမ်း လုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်နေ ကြရသည်ဟုလည်း သဘင်လုပ်သားများ၏ ပြောကြားချက်အရ သိရသည်။

“ခါတိုင်းနှစ်ဆိုရင် ဒီလိုမိုးတွင်းဆို ဇာတ်ဆရာဆီက စပေါ်ငွေနဲ့ စားဝတ်နေ ရေးဖြေရှင်းရတာ။ ဒီနှစ်က ဇာတ်လည်း နားထားရတော့ ဇာတ်ဆရာမှာလည်း အခက်အခဲရှိတော့ ငွေမထုတ်ပေးနိုင်ဘူး။ ရရာအလုပ် ထွက်လုပ်နေကြရတယ်” ဟု သဘင်လုပ်သား မောင်ထွန်းလေးက ပြောသည်။

ကူးစက်ရောဂါအလွန်ကာလတွင်လည်း ဇာတ်သဘင်လုပ်ငန်း ပြန်လည်ထူထောင်ရန်အတွက်လည်း အခက်အခဲရှိနေသည်ဟု ဇာတ်ဆရာတို့က ပြောသည်။

“ဒီရောဂါ ငြိမ်သက်သွားတဲ့အချိန် လုပ်ငန်းပြန်စဖို့ အတော်လေးအခက်အခဲ ရှိမယ်။ နားထားရတာကြာပြီလေ။ ကျွန်တော်တို့ကတော့ အစိုးရကနေ ကူညီပံ့ပိုးပေးဖို့တော့ မျှော်လင့်နေတယ်” ဟု ဇာတ်ဆရာတစ်ဦးက ပြောသည်။

ဇာတ်အဖွဲ့တစ်ဖွဲ့ တည်ထောင်ရန်အတွက် ငွေကျပ်သိန်း ၁၀ဝ၀ ခန့် ရင်းနှီးထားရပြီး မင်းသမီး၊ မင်းသားအပါဝင် ဇာတ်လုပ်သား ၄၀ ကျော်ရှိကြောင်း ဇာတ်တည်ထောင်သူတို့ထံမှ သိရသည်။