အခြေခံလူတန်းစားများအား အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများကို အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ရွာသူရွာသား ၃၀ ဦးဝန်းကျင်က တိုင်ကြားထားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌတို့ထံ လက်မှတ်ရေးထိုး၍ သြဂုတ်လ ၇ ရက်နေ့က တိုင်ကြားထားခြင်း ဖြစ်သည်။
ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု
ကိုဗစ်ထောက်ပံ့ငွေနှင့် အခြားငွေကြေးကိစ္စများအပါအဝင် အကြောင်းအရာ ခုနစ်ခုဖြင့် တိုင်ကြားထားကြောင်း တိုင်ကြားစာအရ သိရသည်။
အစိုးရက ထုတ်ပေးသည့် ကိုဗစ်ထောက်ပံ့ကြေးကို ကျေးရွာနေသူများကို အသိပေးခြင်းမရှိဘဲ ၎င်းနှင့်သင့်မြတ်သူများကို ဦးစားပေးစာရင်းထည့်သွင်းပြီး ထုတ်ပေးခြင်း၊ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရာတွင် တချို့တစ်ဝက်ကို သာ လက်မှတ်ထိုးစေခြင်း၊ လက်မှတ်မထိုးစေဘဲ ထုတ်ပေးခြင်း အစရှိသည့် ဥပဒေနှင့်မညီဘဲ လုပ်ဆောင်ခဲ့ခြင်း စသည်တို့ပါဝင်သည်။
ထို့အပြင် အစိုးရက နောက်ဆုံးထုတ်ပေးခဲ့သည့် ကိုဗစ်ထောက်ပံ့ငွေ ကျပ်နှစ်သောင်း ထုတ်ပေးချိန်တွင် လူငါးဦးကို ကျပ်တစ်သောင်းစီသာ ထုတ်ပေးခဲ့သည်ဟု တိုင်စာတွင် ဖော်ပြထားသည်။
အထက်ပါအချက်များအပြင် အဆိုပါကျေးရွာရှိ လက်ခတ်တောင် အလှူငွေကိစ္စအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် အိမ်ထောင်စု လေးရာခန့်တွင် ကောက်ခံခဲ့သော်လည်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနထံသို့ ပေးသွင်းရာတွင် ငွေကျပ်ခြောက်သောင်းခွဲသာ ပေးသွင်းထားသည်။
တီဇစ်ကျေးရွာ၊ ဖိုးလမော်ကမ်းခြေတွင် ဒေသခံများလက်မခံသည့် ငါးငယ်များအခြောက်လှန်းသည့်လုပ်ငန်းကို အခြားကျေးရွာမှ ရေလုပ်သားများအား လုပ်ခွင့်ပြုထားပြီး အခငွေကြေးယူထားသည်ဟုလည်း တိုင်စာတွင် ဖော်ပြထားသည်။
အဆိုပါအချက်များအပြင် အခြားငွေကြေးကိစ္စများတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ အလွဲသုံးလုပ်ဆောင်ထားသည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။
တိုင်ကြားထားသည့်ကိစ္စနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးချိန်တွင် သမာသမတ်ကျကျ ဖြစ်စေလိုကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် တီဇစ်ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က ဥပဒေအတိုင်းပဲ ထိထိရောက်ရောက် သူကျူးလွန်တဲ့ အတိုင်း စစ်ဆေးပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံ တိုင်ကြားထားသည့်အပြင် တိုင်းအုပ်ချုပ်ရေးမှူး (တိုင်းအစိုးရ အတွင်းရေးမှူး)ထံသို့လည်း တိုင်ကြားစာ ထပ်ပို့မည်ဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သူအချို့က ဆိုသည်။
တိုင်ကြားစာပါ အကြောင်းအရာများသည် မှန်ကန်မှုမရှိကြောင်း တီဇစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းစိုးက တုံ့ပြန်သည်။
အခြေခံလူတန်းစားများကို ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ကြေးပေးရာတွင် ရပ်မိရပ်ဖများနှင့် တိုင်ပင်ပြီး ခွဲတမ်းချကာ လူငယ်အဖွဲ့ကို လိုက်ပေးစေခြင်းဖြစ် ကြောင်း ၎င်းက တနင်္သာရီအပတ်စဉ်သို့ ပြောဆိုသည်။
“ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်ဝေတာမဟုတ်ဘူး။ ရွာသားတွေ ဝေပေးတာခင်ဗျား။ ကျွန်တော်နဲ့ လုံးဝမပတ်သက်ဘူးခင်ဗျား” ဟု ၎င်းက ပြောသည်။
ယင်းအပြင် အခြားငွေကြေးကိစ္စ များတွင်လည်း ရပ်မိရပ်ဖများနှင့် တိုင်ပင် ဆွေးနွေးပြီးမှသာ လုပ်ဆောင်ခြင်းဖြစ်ပြီး စာရင်းဇယားများဖြင့် ရှင်းပြပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကျေးရွာနေ ဒေသခံများ၏ တိုင်ကြားစာတွင်မူ အုပ်ချုပ်ရေးမှူးအနေနှင့် အထက်ဖော်ပြပါအချက် ခုနစ်ချက်ကို အာဏာရှင်ဆန်ဆန် ၎င်းတစ်ဦးတည်း သဘောဖြင့် ပွင့်လင်းမြင်သာမှုမရှိဘဲ ဥပဒေမဲ့လုပ်ဆောင်ခြင်း၊ ငွေကြေးကိစ္စများကို မသမာသည့်နည်းဖြင့် တစ်ဦးတည်း လုပ်ဆောင်နေခြင်းတို့ကြောင့် ထိရောက်စွာ အရေးယူပေးရန်ဟူ၍ ဖော်ပြထားသည်။