BREAKING
October 18, 2024

ဘန်ကောက်တွင် ကိုယ်ဝန်ဖျက်ချပြီး စွန့်ပစ်သဖြင့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

July 10, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကိုယ်ဝန်ဖျက်ချပြီးနောက် အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့သော အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ဇူလိုင်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကိုယ်ဝန်မှာ ၄ လ၊ ၅ လအရွယ်သာ ရှိနေသေးပြီး အမွှာကလေးငယ်နှစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

စွန့်ပစ်ထားသော အမွှာကလေးငယ်နှစ်ဦး၏ အလောင်းကို ဇူလိုင်လ ၃ ရက်နေ့တွင် ဘန်ကောက်မြို့ ဖရာထိုင်းနယ်မြေရှိ ဖဟိုရိုထင်လမ်းမပေါ်ရှိ အမှိုက်ကားပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့များက အနီးအနားကို စစ်ဆေးသောအခါ မြန်မာအမျိုးသမီး ကိုယ်ဝန်သည်တစ်ဦးရှိနေသည်ကို သိရှိရသဖြင့် အခန်းသို့ သွားရောက်စစ်ဆေးရာ အခန်းထဲတွင် သွေးများသာ တွေ့ရပြီး အမျိုးသမီးကို မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

အမျိုးသမီးသည် ဇူလိုင်လ ၄ ရက်နေ့မှစ၍ ပျောက်ဆုံးနေပြီးနောက် ဇူလိုင်လ ၉ ရက်နေ့တွင် အခန်းသို့ ပြန်လာသည့်အချိန် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအမျိုးသမီးကလည်း ကလေးနှစ်ဦးသည် သူမ၏ ကလေးငယ်များဖြစ်ပြီး ကိုယ်ဝန်ဖျက်ဆေးသောက်ပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်။

ကလေးငယ်များ ထွက်လာချိန်တွင် နှစ်ဦးစလုံးသေဆုံးနေပြီး ကြောက်လန့်ကာ ပလတ်စတစ်အိတ်ထဲ ထည့်၍ အခန်းရှေ့ အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့ကြောင်း ဝန်ခံထားသည်။

မြန်မာအမျိုးသမီးသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာအမျိုးသမီးကို ကိုယ်ဝန် ၁၂ ပတ်အထက်ရှိသော ကလေးငယ်ဖျက်ချမှုနှင့် တရားမဝင် ဝင်ရောက်လာမှုများဖြင့် အရေးယူထားကြောင်း သိရသည်။

Ref: Matichon Online, JS 100, CH 7, CH 3 Plus