BREAKING
September 19, 2024

ရေးတွင် စစ်ကောင်စီတပ်နှင့် NMSP-AD ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

July 10, 2024

ပုံစာ - NMSP-AD တပ်ဖွဲ့ဝင်များ (ပုံဟောင်း)။ ဓာတ်ပုံ - NMSP-AD

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွမ်ကျိုက်ကျေးရွာအနီးတွင် ဇူလိုင်လ ၉ရက် ညနေက စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ NMSP-AD ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။

မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ယမန်‌နေ့ ညနေ ၅ နာရီခွဲခန့်က နယ်မြေရှင်းလင်းရန်ထွက်လာချိန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီ NMSP-AD နှင့် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMSP-AD ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု ၂ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ ရန်သူဘက်က အစကတော့ အင်အား ၅၀လောက်ရှိတယ်။ နောက်ထပ် စစ်ကူ ၅၀ လောက် ထပ်ရောက်တော့ ရန်သူအင်အားက ၁၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်တာ မရှိဘူး” ဟု နိုင်ဗညားမွန်က ပြောသည်။

စစ်ကောင်စီဘက်က စစ်ကူအင်အား ၅၀ ခန့် ထပ်ရောက်လာသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ကွမ်ကျိုက်ကျေးရွာအနီး တိုက်ပွဲအတွင်း ဒေသခံတစ်ဦးလည်း ကျည် ရှပ်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စောင့်ကြိုတိုက်ခိုက် လေ့ရှိသလို စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ ရှိသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေအများစုကို စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်အတွင်း လတ်တလောတွင် စစ်ကောင်စီတပ်တို့က အင်အားတိုးချဲ့လာနေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။