BREAKING
December 29, 2024

ရေဖြူ ဇာဒီရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့်ဖြိုချ

July 10, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးကြောင်း ရွာသားများထံမှ သိရသည်။

သစ်လှတောရပ်ကွက်နှင့် အနောက်ကုန်းရပ်ကွက်ရှိ နေအိမ်နှစ်လုံးကို ဇူလိုင်လ ၈ ရက်နှင့် ၉ရက်တို့တွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။

“ညဘက်က တစ်အိမ်၊ မနက်ပိုင်းက တစ်အိမ် ဘတ်ဟိုးနဲ့ လာဖြိုသွားတယ်။ အုတ်ခံပျဥ်ထောင် နှစ်ထပ်အိမ်တွေပဲ ဖြိုခံရတယ်။ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လာဖြိုတယ်” ဟု ဇာဒီရွာသားတစ်ဦး က ပြောသည်။

ယင်းအိမ်နှစ်လုံးအနက် စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်တွင် လာရောက်ချိပ်ပိတ်ထားသည့် နေအိမ်တစ်လုံးပါဝင်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဇာဒီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထက်ဝက်ခန့် ရွာမှ ပြန်ထွက်ခွာသွားပြီဖြစ်၍ ရွာသားအချို့ ကျေးရွာ အတွင်း ပြန်လည်ဝင်ရောက်နေပြီဖြစ်သော်လည်း အများစုကမူ ပြန်မဝင်ရဲကြသေးကြောင်း ဒေသခံတို့က ဆိုသည်။

“ရွာထဲမှာ စစ်သားတွေ ထက်ဝက်လောက်ကျန်သေးတယ်။ ကျန်နေတဲ့စစ်သားတွေက ရွာထဲပြန်ဝင်လာတဲ့ လူတွေကို ဓာတ်ပုံ မှတ်တမ်းယူတယ်။အမည်နဲ့ မှတ်ပုံတင်နံပါတ်တွေလည်း စာရင်းယူထားတယ်။ အများစုက ပြန်မဝင်သေးဘူး။ တချို့ကလည်း မြို့ပေါ်ရောက်နေတယ်။ သူတို့တပ်စွဲထားခဲ့တော့ မိုင်းတွေဘာတွေထောင်ခဲ့မှာလည်း ကြောက်တယ်” ဟု တိမ်းရှောင်နေသည့် ဇာဒီရွာက အမျိုးသားတစ်ဦးက ပြောသည်။

ဇာဒီရွာတွင် နေအိမ်အားလုံးနီးပါး ဖောက်ထွင်းခံထားရပြီး ဆိုင်ကယ်၊ မြတ်ရိတ်စက်စသည့် ပစ္စည်းများ နှင့် စတိုးဆိုင်၊ စားသောက်ဆိုင်များတွင်လည်း ပစ္စည်းများတစ်ဆိုင်လုံးနီးပါး ခိုးယူခံရကြောင်း ကျေးရွာသို့ ခေတ္တဝင်ကြည့်ခဲ့သည့် ရွာသား များ၏ ပြောကြားချက်အရ သိရသည်။

ဇွန်လ ၂၈ရက် ခွေးမဖောရွာအဝင်လမ်းအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ် ပြီးနောက် ဇာဒီရွာကို စစ်ကြောင်းထိုးလာပြီး ယင်းစစ်ကြောင်းသည် နဘုလယ်ဘက်သို့ ဆက်သွားကာ ဇာဒီရွာအတွင်းတွင် စစ်ကောင်စီတပ်သားအချို့ တပ်စွဲကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၄ ရက်ကလည်း ဇာဒီရွာအထွက်တံတားအနီးရှိ တဲအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။