BREAKING
October 18, 2024

မဟာချိုင်တွင် CI စခန်း ဆက်ဖွင့်ထား

July 10, 2024

ပုံစာ - စမွတ်ပရကန် CI စခန်း

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများကို ထုတ်ပေးနေသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေးစခန်းများအနက် မဟာချိုင်မြို့ရှိ CI စခန်းကို ဆက်လက်ဖွင့်ထားကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်နှင့် CI စခန်းထံမှ သိရသည်။

မြန်မာစစ်ကောင်စီ၏ တောင်းဆိုချက်ကြောင့် ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသော CI စခန်းများကို ဇူလိုင်လ ၇ ရက်နေ့မှစ၍ လုံးဝပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာခဲ့သဖြင့် CI စခန်းများ အပြီးပိတ်သိမ်းရန် ဖြစ်လာခဲ့သည်။

သို့သော်လည်း CI စာအုပ် မပြုလုပ်ရသေးသူများအတွက် မဟာချိုင်မြို့ရှိ CI စခန်းတစ်ခုကို ဆက်ဖွင့်ပေးရန် ထိုင်းအစိုးရဘက်က ပြီးခဲ့သော ရက်ပိုင်းအတွင်း ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်အတိုင်း စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ CI စာအုပ် ထုတ်ပေးရေးစခန်းကို ဆက်ဖွင့်ထားကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“စခန်းကို ဆက်ဖွင့်ထားပါတယ်။ ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ” ဟု မဟာချိုင်ရှိ CI ထုတ်ပေးရေးစခန်းတာဝန်ရှိသူက ဆိုသည်။

သို့သော်လည်း မည်သည့်အချိန်ထိ ဆက်လက်ဖွင့်လှစ်ထားမည်ဆိုသည်ကိုမူ မြန်မာဘက်က တိတိကျကျ ညွှန်ကြားထားခြင်း မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းဘက်က ထုတ်ပြန်ချက်အရ စမွတ်ပရကန်၊ ပထုံဌာနီ၊ ချွန်ဘူရီ၊ စူရတ်ဌာနီ၊ စွန်ခရာ၊ နခွန်စဝမ်နှင့် ချင်းမိုင်ခရိုင်ရှိ CI စခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် CI စာအုပ်ပြုလုပ်ရန် ကျန်ရှိနေသေးသော မြန်မာအလုပ်သမားများအနေဖြင့် မဟာချိုင်ရှိ CI စခန်းတွင် အချိန်မီလာရောက်ရန် လိုအပ်ကြောင်း အလုပ်သမားအရေးလုပ်ဆောင်နေသူများက တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) ပြုလုပ်ထားပြီး နိုင်ငံကူး လက်မှတ် မရှိသေးပါက CI စာအုပ်ပြုလုပ်ပြီး အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းမှသာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်၊ ခရီးသွားခွင့်များ ရရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် CI စာအုပ် မပြုလုပ်ရသေးသော မြန်မာအလုပ်သမားများအနေဖြင့် မဟာချိုင်တွင် ဖွင့်လှစ်နေသည့်အချိန်အတွင်း အချိန်မီ ပြုလုပ်ကြရန်နှင့် အကယ်၍ CI စာအုပ်ပြုလုပ်ခွင့်မရလိုက်ပါက Work Permit သက်တမ်းတိုးရာတွင် အခက်အခဲများ ကြုံရနိုင်သည်။