BREAKING
January 17, 2025

ကလိန်အောင် စစ်ကောင်စီတံတားဂိတ်တွင် အမျိုးသားခရီးသွားများ ရိုက်နှက်စစ်မေးခံရ

July 10, 2024

ပုံစာ - ကလိန်အောင်တံတားကို ရေးမြို့ဘက်အဝင်မှ မြင်ရစဥ် (ပုံဟောင်း)

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ တံတားကြီးစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည် ဇွန်လနှောင်းပိုင်းကစ၍ အမျိုးသားခရီးသွားတို့ ရိုက်နှက်စစ်ဆေးခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း မြို့ခံများနှင့် ခရီးသွားများထံမှ သိရသည်။

ယခင်က စစ်ဆေးတင်းကျပ်လေ့ရှိသော်လည်း ကိုယ်ထိလက်ရောက် ရိုက်နှက်စစ်ဆေးမေးမြန်းသည်ကို ကြားရလေ့မရှိကြောင်း မြို့ခံအချို့က ပြောသည်။

ယင်းစစ်ဆေးရေးဂိတ်တွင် ယခင်က ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများနှင့် နယ်မြေရဲစခန်းမှ ရဲများက မှတ်ပုံတင် စစ်ဆေးမှုသာ ရှိသော်လည်း ဇွန်လဆန်းမှစ၍ မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ နေရာယူလာပြီး နောက် လက်ကိုင်ဖုန်း၊ ခရီးဆောင်အိတ်စသည့် တို့ကိုပါစစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် ရိုက်နှက်စစ်ဆေးမှုများပါ လုပ်ဆောင်လာကြောင်း မြို့ခံတို့နှင့် ခရီးသွားတို့၏ ပြောဆိုချက်အရ သိရသည်။

“မြို့ခံတွေနဲ့ အမျိုးသမီးတွေဆို သိပ်မစစ်ဘူး။ နယ်ခံမဟုတ်တဲ့ အမျိုးသားတွေဆို ဖုန်းတွေ၊ အိတ်တွေယူစစ်ပြီး မသင်္ကာရင် ကင်းတဲထဲမှာခေါ်ပြီးရိုက်စစ်တာရှိတယ်။ အခုကုန်လာတဲ့ (ရက်သတ္တပတ်) ၃ပတ်ထဲမှာပဲ အဲဒီလိုရိုက်စစ်တာ လေးငါးခါ လောက် ကြားရတယ်” ဟု ကလိန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇူလိုင်လ ပထမအပတ်က ကလိန်အောင်တံတားဂိတ်တွင် ဆိုင်ကယ်ဖြင့်လာသည့် ဇနီးမောင်နှံစုံတွဲတစ်တွဲအား စစ်ကောင်စီ တပ်သားများက ရပ်တန့်စစ်ဆေးစဉ် NLD ပါတီ၏ အလံငယ်တစ်ခု တွေ့သည်ဟုဆိုကာ အမျိုးသားဖြစ်သူအား ကင်းတဲအတွင်း ခေါ်ယူရိုက်နှက်စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသည့် မြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင်လဆန်းပိုင်းတွင်ပင် တံတားဂိတ်၌ လက်ကိုင်ဖုန်းသိမ်းဆည်းခဲ့၍ ရာအိမ်မှူး၏ အာမခံဖြင့် ပြန်သွားထုတ်ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံတစ်ဦးက ပြန်ပြောပြသည်။

ဇွန်လ ၂၁ ရက်ကလည်း ယင်းစစ်ဆေးရေးဂိတ်တွင်ပင် ယာဉ်စစ်နေစဉ် မောင်းထွက်သည်ဟုဆိုကာ ကားသမားတစ်ဦးအား သေနတ်ပစ်ဖောက်ရပ်တန့်ခိုင်း၍ ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ကားသမားအသိုင်းအဝိုင်းထံမှ သိရသည်။

ဇွန်လ ၂၈ ရက်တွင်မူ ကလိန်အောင်မြို့အနီး မိကျောင်းလှောင်းရွာက အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကို မောရဝတီ ရေတပ်က ဖမ်းဆီးသွားပြီး ယနေ့အထိမိသားစုက ဆက်သွယ်ခွင့် မရသေးကြောင်း မိကျောင်းလှောင်းဒေသခံများက ပြောသည်။

ယင်းအပြင် ဇွန်လ တတိယအပတ်က မောရဝတီရေတပ်တွင် အဖမ်းခံထားရသည့် ကလိန်အောင်ဒေသခံ အမျိုးသားငါးဦးလည်း ဇူလိုင်လ ၉ ရက်အထိပြန်လွတ်လာခြင်းမရှိသေးပေ။

ကလိန်အောင်တံတားဂိတ်သည် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့လာပါက အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး မဖြစ်မနေ ဖြတ်သန်းရသည့် စစ်ဆေးရေးဂိတ်တစ်ခုလည်းဖြစ်သည်။