BREAKING
September 7, 2024

စစ်ခေါင်းဆောင်ကို အလုပ်ပိတ်ရက်ထဲမှ ချောင်းကြည့်ခြင်း

July 10, 2024

နိုင်ငံရေးထွက်ပေါက်အတွက် ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ စစ်ခေါင်းဆောင်ဟာ အလုပ်ပိတ်ရက်တွေနဲ့ပတ်သက်ရင်လည်း ဗျာများနေပုံပါပဲ။

နိုင်ငံတကာနှစ်သစ်ကူးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့နဲ့ တရုတ်နှစ်သစ်ကူးနေ့တို့ကို အလုပ်ပိတ်ရက်တွေအဖြစ် မနေ့က(ဇူလိုင် ၈ ရက်) မှာ စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။

ဒီနှစ်ရက်စလုံးဟာ ထူးခြားပါတယ်။

အခုကိစ္စဟာ စစ်ခေါင်းဆောင်ရဲ့ စိတ်ဓာတ်ကို ထင်ဟပ်နေပါတယ်။ ဘယ်လိုစိတ်ဓာတ်လဲဆိုတော့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးဆိုတဲ့ စိတ်ဓာတ်ပါပဲ။

ဘာလို့ဆိုတော့ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မှာ ဇန်နဝါရီ ၁ ရက်နေ့ဟာ အလုပ်ပိတ်ရက်အဖြစ် ရှိနေခဲ့တာဖြစ်ပြီး သူကိုယ်တိုင် ပယ်ဖျက်ခဲ့တာကြောင့်ပါပဲ။

စစ်ခေါင်းဆောင်ရဲ့ မိုက်မဲလှတဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက နှာခေါင်းရှုံ့၊ ရှုတ်ချဆန့်ကျင်ခဲ့ကြပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ပြင်းပြန်းထန်ထန်လုပ်ခဲ့ကြပါတယ်။ ဒီအနာတွေကြောင့်လားတော့ မပြောတတ်ပါဘူး။ စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာနှစ်သစ်ကူးနေ့ကို အလုပ်ပိတ်ရက်ကနေ ဖယ်ထုတ်ပစ်လိုက်ပါတော့တယ်။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေအတွက် အလုပ်နားရက်တစ်ရက် လျော့သွားရပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်ပိတ်ရက်တွေ များလွန်းတယ်ဆိုပြီး ထောက်ပြပြောဆိုမှုတွေကတော့ ဒီမတိုင်ခင်ရက်တွေကတည်းက ရှိနေခဲ့တာပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အလုပ်တွေ များများလုပ်ကြရမယ်ဆိုတဲ့ အယူအဆကလည်း လွန်ခဲ့တဲ့ နှစ်များစွာကတည်းက နိုင်ငံသားတွေရဲ့ ဦးနှောက်ထဲကို အဆာသွပ်ထားခဲ့ကြတာပါ။

တလောတုန်းက ဆရာမြသန်းတင့်ရဲ့ စာအုပ်ဟောင်းတစ်အုပ် ဖတ်ဖြစ်တယ်။ ထက်အောင်နာမည်နဲ့ ဘာသာပြန်ထားတဲ့ နိုင်ငံတကာ ရသစာတမ်းများတွေထဲက ‘မိတ်ဆွေ သိပ်အလုပ်များနေလား’ဆိုတဲ့ အက်ဆေးပါပဲ။ ၁၉၉၀ ပြည့်နှစ်က Times မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာကို ဆရာက ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။

စကားစပ်မိလို့ပြောရရင် ဒီနေရာမှာ ကျနော့်ဘာသာ အံ့ဩလေးစားနေမိတာက Times မဂ္ဂဇင်းရဲ့ အထိန်းအသိမ်းကောင်းမှုနဲ့ စနစ်ကျမှုပါပဲ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ထုတ်ဝေခဲ့တဲ့ စာတွေကို သူ့ရဲ့ အင်တာနက်စာမျက်နှာမှာလည်း ဝင်ပြီး ဖတ်ရှုနိုင်အောင် လုပ်ပေးထားတာကိုပါပဲ။ မိုက်ကယ်ကင်းစလေဆိုတဲ့ ပုဂ္ဂိုလ်ကျော် က ‘You Must Be Very Busy’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့တာ။

ကျနော်တို့ဆီမှာဆိုရင်တော့ ရှေးကထွက်ခဲ့တဲ့ မဂ္ဂဇင်းတွေ၊ စာစောင်တွေထဲက စာတွေကို ပြန်ပြီးဖတ်လိုတယ်ဆိုရင်ဖြင့် စာကြည့်တိုက်တွေ၊ စာအုပ်ဟောင်းစုဆောင်းသူတွေဆီကိုသာ ခင်ဗျား ပြေးပေတော့၊ မွှေနှောက်ပေတော့ပါပဲ။ ကံကောင်းရင်တော့ တွေ့ရမှာပေါ့။

“ခင်ဗျားတော့ တော်တော်အလုပ်များမှာပဲနော်” ဆိုတဲ့စကားဟာ အမေရိကန်လူ့အဖွဲ့အစည်းမှာ (အဲဒီအချိန်က) ခေတ်စားခဲ့တဲ့ နှုတ်ဆက်စကား၊ မြှောက်ပင့်စကားလို့ ဆိုပါတယ်။ အလုပ်များတယ်ဆိုတာက အရေးပါအရာရောက်သူလို့ အဓိပ္ပာယ်ယူနိုင်ကြတာကိုး။

ဒါပေမဲ့ နိုင်ငံတကာမှာတော့ အဲဒီအယူအဆကို ပြန်လည်ဆန်းစစ်နေခဲ့တာ ကြာပါပြီ။ ဘဝဆိုတာ အလုပ်တွေ နင်းကန်လုပ်ဖို့ပဲလား၊ မိသားစုကို အချိန်ပေးဖို့က ပိုအရေးကြီးတာလား၊ ဆေးဆေးသက်သာ အနားယူနေနိုင်ဖို့ ပိုလိုအပ်သလားဆိုတဲ့ မေးခွန်းတွေနဲ့အတူပါပဲ။

မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံဟာ အများပြည်သူရုံးပိတ်တွေ တော်တော့်ကို များတဲ့နိုင်ငံအဖြစ် စာရင်းဝင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေထဲမှာ အဲဒီကိစ္စကို မျက်စိ ဆံပင်မွေးစူးခဲ့ကြတာပါပဲ။ သင်္ကြန်တွေ၊ သီတင်းကျွတ်တွေ စတဲ့ ကာလတွေအတွက် ရုံးပိတ်ရက်တွေကို လျှော့ချပစ်ခဲ့ပစ်ခဲ့ကြပါတယ်။ အလုပ်များများလုပ်ရမယ်ဆိုတဲ့ ဝါဒရှင်တွေဖြစ်မှာပါပဲ။

ဒါပေမဲ့လည်း လက်ရှိအချိန်အထိတော့ မြန်မာဟာ အနောက်မြောက်ဘက်နားဆီက နီပေါပြီးရင် အလုပ်ပိတ်ရက်အများဆုံးနိုင်ငံအဖြစ် ရှိနေဆဲပါပဲ။ တစ်နှစ်တာမှာ နီပေါက ၃၉ ရက်၊ မြန်မာက ၃၂ ရက် ဖြစ်ပါတယ်။ အစဉ်လိုက်ဆက်သွားရင်တော့ အီရန်(၂၆ ရက်)၊ သီရိလင်္ကာ(၂၅ ရက်)၊ ဘင်္ဂလားဒေ့ရှ်နဲ့ အီဂျစ်(၂၂ ရက်စီ)၊ အိန္ဒိယ၊ မလေးရှား၊ ကမ္ဘောဒီးယား(၂၁ ရက်စီ) ရှိကြပါတယ်။ အနည်းဆုံးတွေကတော့ မက္ကစီကို၊ အင်္ဂလန်နဲ့ အီကွေဒေါ(ရှစ်ရက်စီ)ဖြစ်ပြီး သူတို့နောက်မှာ ဘရာဇီးလ်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ကနေဒါနဲ့ ဩစတေးလျ နိုင်ငံတွေဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံကတော့ ၁၁ ရက် ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကလည်း နိုင်ငံတကာနှစ်သစ်ကူးနေ့ကို ပယ်ဖျက်ခဲ့တဲ့အပေါ် လူတွေ အလုပ်ပိုလုပ်လာစေဖို့လို့ အကြောင်းပြကောင်းပြနိုင်ပေမဲ့ သူ့ကို ဝိုင်းဆော်နေကြတဲ့ နိုင်ငံတကာအသိုက်အဝန်း(အထူးသဖြင့်) အနောက်အနိုင်ငံတွေအပေါ် သူ့မကျေနပ်မှုကို ဖော်ပြလိုက်ရာလည်း ကျပါတယ်။

အာဏာသိမ်းတုန်းက ဆင်ဖမ်းမယ်၊ ကျားဖမ်းဆယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်ချလိုက်တာ သုံးနှစ်ကြာလာချိန်မှာတော့ မျောက်ကုပ်ခံရတဲ့ ဒဏ်ရာတွေရခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အခုတစ်ခါကျတော့ သူဖျက်ခဲ့တဲ့ ရက်ကို သူကိုယ်တိုင် ပြန်ထည့်သွင်းလိုက်ပြန်တာပါ။ ထွေးပြီးသား တံတွေးကို ပြန်မျိုတာနဲ့တောင် တူနေပါသေးတယ်။

အခုလို ပြန်လည်ထည့်သွင်းရတဲ့ အကြောင်းပြချက်ကတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာမိသားစုဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ဆိုလိုတာက နိုင်ငံတကာလုပ်သလို လိုက်လုပ်တယ်ဆိုတဲ့သဘောပါပဲ။ ပယ်ဖျက်ခဲ့တုန်းကတော့ ဘာကြောင့်ဆိုတာမျိုး မသိရပါဘူး။

လက်ရှိအခြေအနေတွေကို ကြည့်လိုက်ရင် စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတစ်ဝန်းကို ဖြန့်ကြက်နိုင်တဲ့ သူ့လက်တံလည်း တိုလာလိုက်တာ နေပြည်တော်နဲ့ အနီးတဝိုက်ကိုပဲ သူ ကောင်းကောင်းထိန်းထားနိုင်ပါတော့တယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်က နယ်မြေတွေကို စွန့်ခြင်းကြီးစွာ စွန့်ခဲ့ရသလို တပ်ဟာလည်း ဖရိုဖရဲနဲ့ ပြိုတော့မယ့်၊ လဲတော့မယ့်၊ ကွဲတော့မယ့် လက္ခဏာတွေ ထင်းလို့နေပါတယ်။

သူ့အရင် စစ်ခေါင်းဆောင်တွေ အစဉ်အဆက် အားကိုးခဲ့ရတဲ့ တရုတ်လို နိုင်ငံမျိုးကတောင် သူ့ကို အဖက်မလုပ်ဘဲ အငြိမ်းစားသမ္မတ ဦးသိန်းစိန်ကို နိုင်ငံတော်အဆင့် ဖိတ်ကြားဧည့်ခံခဲ့တာက စစ်ခေါင်းဆောင်ကို ကြေကွဲအားငယ်စေပါလိမ့်မယ်။

ဒီလိုမျိုးအခြေအနေတွေမှာ နိုင်ငံတကာနှစ်သစ်ကူးနေ့ဟာ သူ့ခေါင်းထဲကို ပြန်ရောက်လာပုံပါပဲ။ တစ်ချိန်တည်းမှာပဲ တရုတ်နှစ်သစ်ကူးနေ့ကိုလည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ထပ်တိုးထည့်သွင်းခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူးနေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရတာက အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုခိုင်မာစေဖို့ဖြစ်တယ်လို့ ကြေညာပါတယ်။ အဲဒီလိုကြေညာချိန်မှာ ဒုတိယစစ်ခေါင်းဆောင်ဟာလည်း တရုတ်နိုင်ငံကို ရောက်နေတာပါ။ ဒီလိုသတ်မှတ်ဖို့ စစ်ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးတို့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဆွေးနွေးခဲ့ကြတာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုသတ်မှတ်ပေးလိုက်တာဟာ တရုတ်ကို မျက်နှာလုပ်တာလို့ လွယ်လွယ်ကလေးပဲ မြင်နိုင်ပါတယ်။

အလုပ်ဟာ ဘဝအတွက်၊ နိုင်ငံအတွက် အရေးပါတယ်ဆိုပေမဲ့ သေချာတာကတော့ လူတိုင်းလူတိုင်းဟာ အလုပ်ပိတ်ရက်တွေ အခုထက်ပိုရချင်၊ ခွင့်ရက်တွေ ပိုလိုချင်၊ အလုပ်ချိန်တွေ ပိုနည်းစေချင်နေကြတာပါပဲ။ တခြားနိုင်ငံတွေက အလုပ်တချို့ဟာ တစ်ပတ်ကို သုံးရက် ပိတ်လာကြပါတယ်။ တချို့ကလည်း အဲဒီလို ပိတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလိုလုပ်ကြတာက အလုပ်နဲ့ ဘဝ၊ မိသားစုအကြား ဟန်ချက်ညီနေစေဖို့ပါပဲ။ ဒါဟာ ပျော်စရာကောင်းတဲ့ နေထိုင်မှုဖြစ်မယ်လို့ ခံယူလာကြပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ အက်ဆေးရဲ့ စာရေးဆရာကတော့

“အကယ်၍ အမေရိကန် စီးပွားရေးသည် ထိုင်းမှိုင်းလာခဲ့လျှင်မူ အမေရိကန် အလုပ်ရှင်များအဖို့ အလုပ်ကို အတင်းအကျပ်ခိုင်းခြင်းထက် အလုပ်ကို လျှော့ပြီး နားချိန်ကို ပိုပေးခြင်းက ပို၍ သင့်မြတ်မည်ဟု ယူဆပါကြောင်း” အက်ဆေးဆရာက ဆိုပါတယ်။

အလုပ်ပိတ်ရက်တွေ ဖန်တီးကြတာခြင်းရဲ့ အဓိကကတော့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အနားရဖို့၊ ပျော်ကြရွှင်ကြဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ နိုင်ငံရေးလှည့်ဖျား ကစားမှုတွေလည်း ရှိနေတတ်ကြပါတယ်။

အခုကိစ္စမှာလည်း အကျပ်အတည်းတွေအကြားက စစ်ခေါင်းဆောင်ဟာ တိုးပေါက်၊ ထွက်ပေါက် ရှာလေသလားလို့ တွေးထင်ကြည့်စရာ ဖြစ်နေပါတာပါပဲ။