BREAKING
January 17, 2025

ပုလောရှိ စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းတို့ကို တစ်ပတ်တွင်းလေးရက်တိုင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

July 10, 2024

ပုံစာ - ပုလောမြို့နယ် ပကဖနှင့် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းတပ်ဖွဲ့ဝင်များ

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းနှင့် ပုလော၊ ပလ ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တစ်ပတ်အတွင်း လေးရက်တိုင်တိုင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁ရက် ညနေက ပလမြို့ရဲစခန်းကို ဒရုန်းဖြင့်နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပုလော ပကဖ က ထုတ်ပြန်သည်။

ဇူလိုင်လ ၂ရက် နေ့လယ်ကလည်း ပလမြို့ရဲစခန်းနှင့် ရဲစခန်းအရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ရှစ်ကြိမ်တိတိ ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“တိုတောင်ပေါ်မှာရှိတဲ့ စကစ စခန်းကနေ ကျွန်တော်တို့ဒရုန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်” ဟု ပုလောမြို့နယ် ကပဖ တာဝန်ခံက ပြောသည်။ သို့သော် ဒရုန်းကို ထိခိုက်ခြင်းမရှိကြောင်း ဆိုသည်။

ယင်းသို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ပလမြို့ရဲစခန်းရှိ ရဲများက စခန်းအနီးဝန်းကျင်က ဒေသခံနေအိမ်များတွင် ပြောင်းရွှေ့နေထိုင်ကြကြောင်း ပလမြို့ခံများက ဆိုသည်။

ဇူလိုင်လ ၆ရက်ကလည်း ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၅) တပ်ရင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ ကြောင်း အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။

သို့သော် ရာသီဥတုအခြေအနေကြောင့် တပ်ရင်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။

ယင်းအပြင် ဇူလိုင်လ ၇ ရက် နံနက်တွင်လည်း ပုလောမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဇူလိုင်လ ၇ရက်နေ့ ပုလောမြို့မရဲစခန်းကို တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းနိမ့်ရွာအောက်ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အဆိုပါ တစ်ပတ်တာ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိသည်ဟု သိရသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ပကဖ တာဝန်ခံက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဘက်ကမူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောဆိုသည်။

တိုက်ခိုက်မှုများကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပုလောပကဖ၏ Drone တပ်စိတ် (Shadow Squad) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။