ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေဟာ သူတို့ဆီ လျှောက်ထားတဲ့ ဗီဇာလျှောက်လွှာတွေကို ပယ်ချရာကနေ နှစ်စဉ် ယူရို သန်း ၁၃၀ အသားတင်အမြတ်ထွက်နေတယ်လို့ သိရပါတယ်။
EU ဗီဇာလျှောက်ထားကြသူတွေဟာ သူတို့ရဲ့ လျှောက်လွှာ ငြင်းပယ်ခံရရင်တောင်မှ သူတို့ ပေးသွင်းထားတဲ့ ဗီဇာကြေးတွေကို ပြန်မရကြပါဘူး။ EU ဗီဇာပယ်ချခံရသူ ၉၀ ရာခိုင်နှုန်းဟာ အာဖရိကနဲ့ အာရှသားတွေ ဖြစ်ကြပါတယ်။
အချက်အလက်တွေရ EU ဗီဇာနဲ့ ယူကေဗီဇာပယ်ချခံရမှုအများဆုံးနိုင်ငံတွေဟာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနိမ့်တိုင်းပြည်တွေ ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေ (အထူးသဖြင့် ဂါနာ၊ ဆီနီဂေါ ၊ နိုင်ဂျီးရီးယားစတဲ့ နိုင်ငံတွေ)က ဗီဇာပယ်ချခံရမှုနှုန်းဟာ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအကြား ရှိနေပါတယ်။ မော်ရိုကိုနဲ့ အယ်လ်ဂျီးယားဟာ EU ဗီဇာလျှောက်ထားသူ အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။
ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပယ်ချလိုက်တဲ့ ဗီဇာလျှောက်ထားမှုတွေ ရတဲ့ ငွေပမာဏဟာ ၂၀၂၂ ခုနှစ်မှာ ယူရို ၁၀၅ သန်းပဲ ရှိခဲ့ပါတယ်။၂၀၂၃ ခုနှစ်မှာတော့ ယူရို သန်း ၁၃၀ အထိ တိုးလာပါတယ်။ ၂၀၂၄ မှာ ပိုတိုးလာမယ့် အနေအထား ရှိပါတယ်။ ယခုနှစ် ဇွန်လ ၁၁ ရက်နေ့ကစပြီး EU ဗီဇာကြေးတွေကို ယူရို ၈၀ ကနေ ၉၀ အထိ တိုးမြှင့်သတ်မှတ်ဖို့ EU Commission က မကြာသေးခင်ကပဲ ဆုံးဖြတ်လိုက်ပါတယ်။
ဗီဇာလျှောက်လွှာ ငြင်းပယ်မှုကနေ အမြတ်ထွက်ခဲ့တဲ့ ငွေပမာဏဟာ ယူကေနိုင်ငံတစ်ခုတည်းမှာတင် ယူရို သန်း ၅၀ ရှိနေပါတယ်။
“ဗီဇာအခွင့်အရေးမညီမျှမှုမှာ သိသာထင်ရှားတဲ့ အကျိုးဆက်တွေရှိတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေက ဒီအကျိူးဆက်ကို ခံစားနေကြရတယ်”လို့ LAGO Collective အဖွဲ့ရဲ့ တည်ထောင်သူ Marta Foresti က ပြောပါတယ်။
“ဒီလို ဗီဇာအငြင်းခံရတာတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေက ပိုက်ဆံတွေ ချမ်းသာတဲ့ နိုင်ငံတွေဆီ စီးဆင်းသွားတဲ့သဘောလို့ မြင်လို့ရတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီပေးရေးနဲ့ နိုင်ငံပြောင်းရွှေ့အခြေချမှုတွေအကြောင်း ဆွေးနွေးကြတဲ့အခါ ဗီဇာအငြင်းခံရလို့ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေအကြောင်း ပြောသံဆိုသံ တခါမှ မကြားရဘူး”
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ နေထိုင်နေကြတဲ့ ဥရောပသားမဟုတ်သူအားလုံးမှာ တစ်ဝက်လောက်က ဗီဇာသက်တမ်းတိုးခွင့်မရကြပါဘူး။
၂၀၂၃ ခုနှစ်မှာ ဥရောပသားမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၈၃၀၀၀ ဟာ မိခင်နိုင်ငံဆီ ပြန်အပို့ခံခဲ့ရပါတယ်။ EU Commission ရဲ့ ဖော်ပြချက်အရ ဒီအရေအတွက်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ကြသူအားလုံးရဲ့ ၁၉ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂရဲ့ ၂၀၁၉ ပြည်ဝင်ခွင့်ဥပဒေ ပုဒ်မ ၂၅ (က) ဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို မိခင်တိုင်းပြည်ဆီ ပြန်ပို့ရာမှာ ပူးပေါင်းဆောင်ရွက်မှုအားနည်းတဲ့ နိုင်ငံတွေအပေါ် ဗီဇာကန့်သတ်ဖို့ ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကစပြီး ဥရောပသမဂ္ဂဟာ အဆိုပါဥပဒေကို လက်စွဲတော်ထားပြီး ဗီဇာကန့်သတ်မှုကို နိုင်ငံရေးလက်နက်တစ်ခုလို အသုံးချလာခဲ့ပါတယ်။
၂၀၂၄ ဧပြီလမှာ ဥရောပသမဂ္ဂကောင်စီက အီသီယိုးပီးယားနိုင်ငံအပေါ် ဗီဇာပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သံတမန်ပတ်စပို့နဲ့ အခြားအစိုးရတာဝန်နဲ့ သက်ဆိုင်ရာ ပတ်စပို့ကိုင်ထားသူတွေကိုလည်း ဗီဇာကြေးကင်းလွတ်ခွင့် မပေးတော့ပါဘူး။ ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်ပြီးဆုံးတဲ့ ကြာချိန်ကိုလည်း ၁၅ ရက်ကနေ ၄၅ ရက်အထိ တိုးမြှင့်လိုက်ပါတယ်။
အကြောင်းကတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီမှာ တရားဝင်စာရွက်စာတမ်း ခိုင်လုံပြည့်စုံမှုမရှိဘဲ နေထိုင်နေကြတဲ့ အီသီယိုးပီးယားနိုင်ငံသားတွေကို မိခင်နိုင်ငံ ပြန်ပို့ရာမှာ အီသီယိုးပီးယားအစိုးရဘက်ကနေ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းလုပ်ဆောင်မှုမရှိတဲ့အတွက်ကြောင့်ပါပဲ။
တချိန်တည်းမှာပဲ ဥရောပသမဂ္ဂဟာ ဂမ်ဘီယာနိုင်ငံအပေါ် ၂၀၂၁ ကတည်းက ချမှတ်ထားတဲ့ ဗီဇာကန့်သတ်မှုတွေကို ရုတ်သိမ်းလိုက်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်လျက်ရှိတဲ့ ဂမ်ဘီယာနိုင်ငံသားတွေကို မိခင်နိုင်ငံဆီ ပြန်ပို့ရာမှာ ဂမ်ဘီယာအစိုးရဘက်က တိုးမြှင့်လက်ခံလာခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဥရောပသမဂ္ဂဟာ အာဖရိကနိုင်ငံအချို့ကို ယူရို ၈ ဘီလီယံတန်ကြေးရှိတဲ့ စီးပွားရေးဖွံဖြိုးမှုအကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ ဒါဟာ အာဖရိကနိုင်ငံတွေဆီကနေ ဥရောပမှာ ရွှေ့ပြောင်းနေထိုင်သူဦးရေတိုးပွားလာမှာကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်တယ်လို့ ဥရောပသမဂ္ဂရေးရာတွေကို အသားပေးဖော်ပြတဲ့ အွန်လိုင်းသတင်းဌာနတစ်ခုက ဝေဖန်ခဲ့ပါတယ်။