BREAKING
January 19, 2025

ထိုင်းတစ်နိုင်ငံလုံး အထက်တန်းအဆင့် သိပ္ပံပြိုင်ပွဲတွင် မွန်ကျောင်းသားတစ်ဦး ရွှေတံဆိပ်ဆုရ

June 10, 2024

ပုံစာ - ရွှေတံဆိပ်ဆုရှင် မောင်ချစ်မင်းကိုကို

ထိုင်းနိုင်ငံအဆင့် သိပ္ပံဘာသာရပ် အထက်တန်းကျောင်းသား၊ ကျောင်းသူများပြိုင်ပွဲတွင် မွန်လူမျိုး ကျောင်းသား မောင်ချစ်မင်းကိုကို ရွှေတံဆိပ်ဆုရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) နှင့် ဆုရရှိသော ကျောင်းသားတို့ထံမှ သိရသည်။

Thailand Science Ideation Contest 2024 ဟုခေါ်သည့် ထိုင်းနိုင်ငံအဆင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ သိပ္ပံပြိုင်ပွဲကို ဘန်ကောက်မြို့ရှိ King Mongkut’s University of Technology တွင် ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့သည်။

ယင်းပြိုင်ပွဲတွင် Takuapa Senanukul School – ထိုင်းအစိုးရအထက်တန်းကျောင်း၏ ကိုယ်စားပြုအဖြစ် နည်းပြဆရာ Mr. Kiattisak Inchan (ဇီဝဗေဒဆိုင်ရာ) ၏ သင်ကြားပေးမှုနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခြင်း ဖြစ်ကြောင်း ရွှေတံဆိပ်ဆုရှင် မောင်ချစ်မင်းကိုကိုက ပြောသည်။

“ကျွန်တော်က သွားဘက်ဆိုင်ရာ (သွားဆရာဝန်) တစ်ဦးကို ဖြစ်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

မောင်ချစ်မင်းကိုကိုသည် ထိုင်းနိုင်ငံတွင် မွေးဖွားပြီး ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED/ULC) စာသင်ကျောင်းတွင် မူလတန်းမှ ၈ တန်းအဆင့်ထိ ပညာသင်ယူအောင်မြင်ခဲ့သူဖြစ်သည်။

မိဘများမှာ မွန်ပြည်နယ် ဘီလူးကျွန်း မုဒွန်းရွာဇာတိဖြစ်သော ဦးစိုးဝင်းနှင့် သက္ကောရွာဇာတိဖြစ်သော ဒေါ်သီတာမြင့်တို့ ဖြစ်ကြသည်။

လက်ရှိတွင် ၁၂ တန်းပညာကို တကွာပါရှိ ထိုင်းအစိုးရကျောင်းဖြစ်သော Takuapa Senanukul School တွင် တက်ရောက် နေပြီး သင်္ချာနှင့် သိပ္ပံလိုင်းကို သင်ယူနေကြောင်း မောင်ချစ်မင်းကိုကိုက ပြောသည်။

မောင်ချစ်မင်းကိုကိုသည် ငယ်စဉ်ကတည်းက ထူးချွန်သူဖြစ်ပြီး ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ထားသူ ဖြစ်ကြောင်း FED ထံမှ သိရသည်။

မြန်မာကျောင်းသားတစ်ဦး ထိုင်းနိုင်ငံအဆင့် သိပ္ပံဘာသာပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့်အတွက် FED ဖောင်ဒေးရှင်း အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပြီး အခြားမြန်မာရွှေ့ပြောင်းကျောင်းသားများလည်း ကြိုးစားကြရန် FED က တိုက်တွန်းထား သည်။