BREAKING
September 19, 2024

စစ်ကောင်စီတပ်ကားကို NMSP-AD ကြားဖြတ်တိုက်ခိုက်၊ အရာခံဗိုလ်တစ်ဦးသေဆုံးဟုဆို‌

June 10, 2024

ပုံစာ - NMSP-AD တပ်ဖွဲ့ဝင်များ (ပုံဟောင်း)။ ဓာတ်ပုံ - NMSP (AD)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက် ရေး) NMSP-AD က ကြားဖြတ်တိုက်ခိုက်သောကြောင့် အရာခံဗိုလ်တစ်ဦး သေဆုံးကြောင်း NMSP-AD နှင့် ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၉ရက် ညနေ ၃ နာရီခွဲခန့်က ရောင်းဒေါင်းကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် စီးနင်းလာသည့် ဟိုက်ဂျက်ကားကို NMSP-AD တို့က စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMSP-AD ထံမှ သိရသည်။

ဒေသခံတစ်ဦးကလည်း “ညနေပိုင်းဆို နေ့တိုင်းပဲ ကားနဲ့လာပြီး ရွာတွေမှာ (စစ်ကောင်စီတပ်က) စစ်သားတွေ လိုက်ချတယ်။ ကင်းလာချတယ်ပေါ့။ မနေ့က ညနေမှာတော့ ရောင်းဒေါင်းနဲ့ နှီးပဒေါ (ရွာ) ကြား ရောင်းဒေါင်းအပိုင်ပေါ့၊ အဲဒီမှာ ပစ်ခတ်ခံရတာ။ တွေ့တဲ့လူတွေက လမ်းမှာ စစ်သားတစ်ယောက်တော့ လဲနေတာတော့ တွေ့တယ်တဲ့” ဟု ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အဘစ်ကျေးရွာရှိ စစ်ကောင်စီအမြောက်တပ် ၃၁၈ တပ်ရင်းက အရာခံဗိုလ် တင်ဝင်းဆိုသူ ကျည်ထိမှန်ပြီး ကားပေါ်မှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတို့နှင့် NMSP-AD တို့ထံမှ သိရသည်။

ပစ်ခတ်ခံရပြီးနောက် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကားမှာ မောင်းပြေးသွားပြီး ကားပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးနိုင်ကြောင်း NMSP-AD ထံမှ သိရသည်။

ယင်းအပြင် ပစ်ခတ်မှုဖြစ်ပွားချိန်တွင် မော်လမြိုင်မြို့မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် ၁၂ဘီး ယာဉ်ပေါ်က ယာဉ်မောင်းတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် ၃၁၈ တပ်ရင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်ဘက်သို့ လက်နက်ကြီးများဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ထံမှ MA1 တစ်လက်၊ ကျည်ဆံနှင့် ကျည်ကဒ်များ သိမ်းဆည်းရမိကြောင်း NMSP-AD ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ကမာဝက်မြို့ နယ်မြေရဲစခန်းမှူး မောင်းနှင်လာသည့်ကားကို NMSP-AD က ကွမ်လှာနှင့် ရောင်းဒေါင်းကျေးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ကားများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

မွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်ထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) MNSP-AD သည် အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်း အထူးသဖြင့် ကျိုက်မရော၊ ရေး၊ မုဒုံမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။