BREAKING
January 8, 2025

လောင်းလုံးတွင် ကျောင်းသားများစီးလာသည့်ကားကို ပစ်ခတ်မှု နွေဦးပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်

June 10, 2024

ဓာတ်ပုံ - နွေဦးပြောက်ကျားတပ်ဖွဲ့

လောင်းလုံးမြို့နယ်တွင် ဇွန်လ ၄ ရက်က ဖြစ်ပွားခဲ့သည့် ကျောင်းသားများ လိုက်ပါလာသော အိမ်စီးကား ပစ်ခတ်ခံရမှုတွင် တာဝန်အပြည့်အဝရှိကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ကျောင်းသားရှစ်ဦး လိုက်ပါလာသည့် အိမ်စီးကားသည် လောင်းလုံးမြို့မှ ထားဝယ်မြို့သို့ ကျောင်းသားများ ပို့ဆောင်စဉ် သဗျာကျေးရွာနှင့် အင်းဇောက်ကျေးရွာကြား ဒေသအခေါ် မဘိတောင်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ယင်းပစ်ခံရခတ်မှုကြောင့် ခုနစ်တန်း ကျောင်းသားတစ်ဦး၏ ပေါင်တွင် ကျည်ဆံထိမှန် ဒဏ်ရာရပြီး ဆေးကုသမှုခံယူခဲ့ ရသည်။

ယင်းဖြစ်စဉ်တွင် ထိခိုက်နစ်နာခဲ့သည့် ကျောင်းသားမိဘများကို အနူးအညွန့်တောင်းပန်ကြောင်း ‌ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ပစ်ခတ်မှုတွင် ပါဝင်သည့် တပ်စိတ်က တပ်သားများကိုလည်း အရေးယူထားကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။

“အားလုံး အရေးယူထားတာက ၇ ယောက်ပါ။ သူတို့ကို လောလောဆယ်တော့ လက်နက်တွေသိမ်းပြီးတော့ အကျယ်ချုပ် ချထားပါတယ်” ဟု ၎င်းကဆိုသည်။

ကျည်ဆံထိမှန်ခဲ့သည့် ကျောင်းသား၏ ကျန်းမာရေး၊ ပညာသင်ယူရေးကိစ္စကိုလည်း အပြည့်အဝတာဝန်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေ့က မိုးသည်းထန်စွာ ရွာသွန်းနေပြီး အိမ်စီးကားမှာလည်း မှန်အလုံပိတ်ထားသဖြင့် ကားအတွင်း ကျောင်းသားများ လိုက်ပါလာသည်ကို မသိရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါအိမ်စီးကားမှာ စက္ကန့်ပိုင်းမျှ ရပ်တန့်ပြီးနောက် ပြန်လည်မောင်းထွက်သွားသဖြင့် ကားတာယာအား ပစ်ခတ်စဉ် မတော်တဆ ကျောင်းသားအား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

“ကားကို နား(ရပ်)ခိုင်းလိုက်တဲ့အချိန်မှာ နားပေးလိုက်တယ်။ တပ်စုမှူးတစ်ယောက်က ကားနောက်က လိုက်လာနေတာကို ကားသမားက မမြင်ဘူးနေမယ်။ သူတို့ဘာသာစစ်ဆေးနေတာ တို့ကားနဲ့ မဆိုင်းဘူး မောင်းမောင်းဆိုပြီး သူတို့ဘာသာ မောင်းထွက်သွားတာ။ ရဲဘော်တွေရဲ့ အမြင်မှာတော့ နားပြီးမှ ထွက်ပြေးတယ် ဖြစ်သွားတယ်ပေါ့။ ကားထဲမှာလည်း ကျောင်းသားတွေ ပါမှန်းမသိဘူးလေ။ အဲဒီမှာ ကားတာယာကို ပစ်လိုက်တာ” ဟု နွေဦးပြောက်ကျားတပ် ဦးဆောင်သူတစ်ဦးက ပြောသည်။

ကားတာယာအားပစ်ခတ်ချိန် ထိချက်လွဲသွားပြီး ကာဘော်ဒီနှင့် ကားအတွင်းထိုင်ခုံကို ကျည်ဆံဖြတ်သန်းပြီးမှ ကျောင်းသား၏ ပေါင်ကို ထိမှန်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောင်းသားဒဏ်ရာရသည်ကို သိသည်နှင့် အချိန်မီ ဆေးကုသနိုင်ရန် ‌ကားအား ထားဝယ်မြို့သို့ ချက်ချင်းထွက်ခွာစေခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းဖြစ်ရပ်ဖြစ်ချိန် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် တပ်ဖွဲ့ဝင်များနှင့် ကားသမားကြား မြင်ကွင်းခက်ခဲနေခြင်း၊ ကားမှာ မှန်အလုံပိတ်ထားခြင်းကြောင့် ကျောင်းကားမှန်း မသိခြင်း၊ ရဲဘော်များ စစ်ဆေးရန်လာသည်ကို မသိဘဲ ‌ကားမောင်း ထွက်သွားခြင်းတို့ကြောင့် ယခုကဲ့သို့ ထိခိုက်သွားရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

၎င်းတို့တပ်ဖွဲ့သည် ကျောင်းကားအား စစ်ဆေးရန် မဟုတ်ဘဲ လောင်းလုံးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စာရွက်စာတမ်း များကို အိမ်စီးကားဖြင့် ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်ဆိုသည့် အတွင်းသတင်းအရ အဆိုပါလမ်းပိုင်းတွင် ကင်းပုန်းဝပ် စစ်ဆေးနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။