ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ မြန်မာပြည်တွင်းစစ်အရေးမှာ ကြားဝင်ဖြန်ဖြေပေးနိုင်မယ့် အလားအလာရှိသူတစ်ယောက်အဖြစ် သူ့ကိုယ်သူ ပုံဖော်လိုက်ပါတယ်။
ဒါပေမယ့် သက်ဆင်ဟာ သူ့ရဲ့ ပုဂ္ဂလိကနိုင်ငံရေးရည်မှန်းချက်နဲ့ စီးပွားရေးအကျိုးအမြတ်အတွက်ဘဲ သူ့ကိုယ်သူ ဒီလိုပုံဖမ်းပြဖို့ စိတ်အားထက်သန်နေတာ ဖြစ်ဖို့ များပါတယ်။
သူ့နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကြားက ရင်းနှီးပူးကပ်တဲ့ အတိတ်က ဆက်ဆံရေးတွေကြောင့် သက်ဆင်ဟာ ရိုးသားဖြောင့်မတ်တဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်တယ်လို့ အမြင်ခံရဖို့ ခက်ခဲနေပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပြင် မြန်မာဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ကိုယ်စားလှယ်တွေနဲ့ သက်ဆင်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းကို မြန်မာမီဒီယာတစ်ခုဖြစ်တဲ့ Salween Press က မေလ (၆) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြည်ပြေးဘဝနဲ့ နိုင်ငံခြားမှာ အချိန်အကြာကြီး နေထိုင်ခဲ့ရာကနေ သက်ဆင်ဟာ မနှစ်က ဩဂုတ်လမှာ ထိုင်းနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီးတဲ့နောက် ရဲဆေးရုံတစ်ခုမှာ ဒီနှစ် ဖေဖော်ဝါရီလအထိ ထိန်းသိမ်းခံထားခဲ့ရပါတယ်။
သက်ဆင်နဲ့ မြန်မာဘက်က တော်လှန်ရေးအင်အားစုအချို့နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မာရစ်ဆန်ဂီယန်ပေါ်ဆာကလည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံမှုမှာ ထိုင်းအစိုးရနဲ့ မသက်ဆိုင်သလို ထိုင်းအစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
သက်ဆင်ဟာ လက်ရှိအာဏာရဖြူထိုင်းပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး ပါတီရဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူ တကယ့်ခေါင်းဆောင်အစစ်လို့လည်း ယူဆခံရပါတယ်။ လက်ရှိမှာ ဖြူထိုင်းပါတီကို သက်ဆင်ရဲ့ သမီးဖြစ်သူ ပဲထွန်ထန်က ဦးဆောင်နေပါတယ်။ ပဲထွန်ထန်ဟာ ဖခင်ဖြစ်သူ သက်ဆင်၊ အဒေါ်ဖြစ်သူ ယင်လပ်နဲ့ ဦးလေးဖြစ်သူ ဆွန်ချိုင်တို့ရဲ့ ခြေရာကို နင်းပြီး ဖြူထိုင်းပါတီကို သက်ဆင်မိသားစုဝင်တစ်ယောက်အနေနဲ့ အခုလက်ရှိ နောက်ဆုံးဦးဆောင်နေသူ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီးသစ်က သက်ဆင်နဲ့ ရင်းနှီးပါတယ်။ ရာထူးရကာစ နိုင်ငံခြားရေးဝန်ကြီးကတော့ သူ့ကို ကျောထောက်နောက်ခံပေးခဲ့တဲံ သက်ဆင်ကို စိတ်ပျက်အောင် လုပ်မှာတော့ မဟုတ်ပါဘူး။
မြန်မာ့အရေးနဲ့ ပက်သက်ပြီး သက်ဆင်ရဲ့ အခုလို ကျားကွက်ရွှေ့လိုက်တာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ သက်ဆင်ဟာ ထိုင်းပြည်တွင်းမှာ သူ့ရဲ့ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်ချင်ဇောနဲ့ သူ့ရဲ့ နိုင်ငံရေးသမားစွမ်းရည်ကို စင်တင်ဗန်းပြဖို့အခုလိုမျိုး အလားသဏ္ဍန်တူ ကြားဝင်စွက်ဖက်မှုတွေကို လုပ်ဆောင်ခဲ့ဖူးပါတယ်။
ထိုင်းတရားရုံးတွေကနေ တရားခံပြေးဘဝရောက်နေခဲ့တုန်းက သက်ဆင်ကို ၂၀၀၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေးအကြံပေးအဖြစ် အာဏာရှင် ဟွန်ဆန်က ခန့်အပ်ခဲ့ဖူးပါတယ်။
အဲဒီနှစ် နှစ်ကုန်ပိုင်းမှာ သက်ဆင်ကို စီးပွားရေးအကြံပေးခန့်ဖို့ သီရိလင်္ကာအစိုးရကလည်း ပြင်ဆင်နေတယ်ဆိုတယ်ဆိုတာကို သက်ဆင်ရဲ့ မိသားစုတွေက ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပြောဆိုမှုကို သီရိလင်္ကာအစိုးရဘက်က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ သက်ဆင်ဟာ ထိုင်းတောင်ပိုင်းက သူပုန်အဖွဲ့တွေနဲ့ မလေးရှားနိုင်ငံမှာ တွေ့ခဲ့ပါတယ်။ ထိုင်းတောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ အဓိကသူပုန်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အမျိုးသားတော်လှန်ရေးတပ်ဦးနဲ့ ယင်လပ်အစိုးရအဖွဲ့ကြား ယေဘုယျသဘောတူညီချက်မရခင်မှာ သက်ဆင်က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
(အမျိုးသားတော်လှန်ရေးတပ်ဦးကို မလေးဘာသာစကား အတိုကောက်စကားလုံးနဲ့ BRN ဆိုပြီး လူသိများပါတယ်။)
ဒါပေမယ့် သက်ဆင်ရဲ့ အားထုတ်မှုတွေက ကျန်တဲ့အစုအဖွဲ့တွေအတွက်တော့ ဘာမှ အကျိုးမဖြစ်ထွန်းခဲ့ပါဘူး။ ၂၀၁၀ ခုနှစ်မှာ ကမ္ဘောဒီးယားအစိုးရက သက်ဆင်ဟာ စီးပွားရေးအကြံပေးတာဝန်ထမ်းဆောင်ဖို့ ပုဂ္ဂိုလ်ရေးအခက်အခဲတွေ ရှိနေတဲ့အတွက်ကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
သူပုန်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ သက်ဆင်ရဲ့ တွေ့ဆုံမှုတွေကလည်း ဘာရလဒ်အသစ်မှ ထွက်ပေါ်လာခြင်း မရှိခဲ့ပါဘူး။ ထိုင်းတောင်ပိုင်းမှာ ငြိမ်းချမ်းရေးရဖို့အတွက် သက်ဆင်နဲ့ သူပုန်အဖွဲ့တွေကြား ကြိုကြားကြိုကြား တွေ့ဆုံမှုတွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ခဲ့ပေမယ့် ဘာရလဒ်မှ မဖြစ်ထွန်းခဲ့ပါဘူး။
အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Deep South Watch အဖွဲ့က ပြုစုထားတဲ့အချက်အလက်တွေအရ ဒီဆွေးနွေးမှုတွေကြောင့် ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှုတွေ ကျဆင်းသွားခြင်း မရှိပါဘူး။
၂၀၁၄ ခုနှစ်မှာ ယင်လပ်အစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချလိုက်ပြီးနောက်ပိုင်းမှာမှ ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှုတွေက လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဆန္ဒပြနေတဲ့ မလေးလူမျိုး ၇၈ ယောက် အဖမ်းခံရပြီး ထိုင်းစစ်တပ်အချုပ်ခန်းထဲ ကြပ်ညှပ်ဖိသိပ်ထည့်ထားခံလိုက်ရပါတယ်။ အဆိုပါ ဆန္ဒပြသူ ၇၈ ယောက်စလုံး အချုပ်ခန်းထဲမှာ အသက်ရှူကြပ်ပြီး သေသွားခဲ့ပါတယ်။ နောက်ထပ်မလေးလူမျိုးဆန္ဒပြသူ ၇ ယောက်ကိုလည်း အသေပစ်သတ်လိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆင်ဟာ သေသွားတဲ့သူတွေကိုပဲ အပြစ်ပုံချခဲ့ပါတယ်။ သူတို့ဟာ မွတ်ဆလင်တို့ရဲ့ အထွတ်အမြတ်ထားရာ ရာမဒန်ဥပုသ်လမှာ အစာမစားဘဲ ဥပုသ်စောင့်ထားကြလို့ သူတို့ဘာသာ နဂိုကတည်းက အားနည်းနေကြတာလို့ သက်ဆင်က ပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွက် သက်ဆင်ဘက်က လုံးဝမတောင်းပန်ခဲ့သလို ဒီဖြစ်ရပ်မှာ တာဝန်ရှိတဲ့ထိုင်းအရာရှိတွေကို အပြစ်ပေးအရေးယူဖို့ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ “ငါ့ညွှန်ကြားချက်တွေကို ကြပ်မတ်လိုက်နာတဲ့အတွက် အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေကို ငါ ချီးကျူးတယ်” လို့ သက်ဆင်က ပြောခဲ့ပါတယ်။
သက်ဆင်က သူဟာ သူပုန်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တန်ပြန်ဖို့ ခိုင်မာပြတ်သားတဲ့ အစီအမံတွေကို အကောင်အထည်ဖော်နေတာပါလို့ ၂၀၀၃ ခုနှစ်မှာ ပြောခဲ့ပါတယ်။
မြန်မာပြည်က လူမျိုးစုတော်လှန်ရေးအဖွဲ့တွေနဲ့ အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း သက်ဆင်ရဲ့ အကွက်တွေကို ရိုးအီနေပြီဆိုတဲ့ မျက်လုံးနဲ့ ကြည့်ကြဖို့ပဲ များပါတယ်။
သူတို့ရဲ့ ရန်သူတော် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သက်ဆင်ကြား ရင်းနှီးမှုခိုင်ခိုင်မာမာ ရှိကြတယ်ဆိုတာဆိုတာကို သူတို့ သိပါတယ်။ မြန်မာပြည်က အခြားထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာကိုလည်း သူတို့ သိကြမှာပါ။ ၂၀၁၁ ခုနှစ်မှာ သက်ဆင်ဟာ အဲဒီအချိန်က သမ္မတဖြစ်နေတဲ့ ဦးသိန်းစိန်နဲ့ တွေ့ခဲ့သလို အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ သက်ဆင်ကြားက ငွေကြေးကိစ္စ အပေးအယူတွေကိုလည်း မြန်မာအတိုက်အခံခေါင်းဆောင်တွေက သိကြမှာပါ။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃၉ သန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၄ ဘီလီယံကို ထိုင်းနိုင်ငံကနေ မြန်မာအစိုးရဆီ ချေးပေးဖို့ သက်ဆင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိအားပေးခဲ့ပါတယ်။ ဒီငွေချေးမှုကနေတဆင့် သက်ဆင်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဟာ ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို မြန်မာစစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ သားပိုင်တဲ့ ကုမ္ပဏီကို အငှားချပေးခဲ့ပါတယ်။ စစ်အာဏာရှင်မင်းအောင်လှိုင်ကလည်း သက်ဆင်ကို ရန်ကုန်က မြေကွက်အချို့ ပေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံက မအောင်မြင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို စတင်အသက်သွင်းခဲ့သူကလည်း သက်ဆင်ကိုယ်တိုင်ပါပဲ။ သက်ဆင်ရဲ့ မိတ်ဆွေတစ်ယောက်ပိုင်တဲ့ အီတာလျံထိုင်းကုမ္ပဏီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံကို ချိတ်ဆက်နိုင်ဖို့အတွက် လမ်းဖောက်ခဲ့ပါတယ်။ အဲဒီလမ်းဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေထဲကို ဖြတ်ပြီး ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဒီလမ်းဖောက်လုပ်မှုအတွက် KNU နယ်မြေထဲက လူနေအိမ်ခြေပေါင်းများစွာ နေရာရွှေ့ပေးခဲ့ရပါတယ်။ အဲဒီအချိန်က အငြိမ်းစားယူထားတဲ့ ထောက်လှမ်းရေးဗိုလ်မှူးချုပ်ဟောင်းတစ်ယောက်ကို အထူးစီမံကိန်းဒါရိုက်တာအဖြစ် အီတာလျံကုမ္ပဏီက ခန့်အပ်ထားခဲ့ပါတယ်။
သက်ဆင်ဟာ သူ့နိုင်ငံရေးရည်မှန်းချက်တွေကို ဘယ်နေရာမှာ ရပ်ပြီး သူ့စီးပွားရေးရည်မှန်းချက်တွေကို ဘယ်နေရာမှာ စအသက်သွင်းလေ့ရှိလဲဆိုတာကို သိရဖို့က အမြဲတမ်းတော့ လွယ်မနေပါဘူး။ သက်ဆင်ရဲ့ ပိုင်ဆိုင်မှုထဲက အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို ထိုင်းတရားရုံးက သိမ်းဆည်းလိုက်ပြီးနောက်မှာ သက်ဆင်ကို ထောက်ခံသူတွေက ဆန္ဒပြလာခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ ပြင်သစ်သတင်းစာ Figaro နဲ့ အင်တာဗျူးတစ်ခုမှာ သက်ဆင်က “ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေဟာ ခင်ဗျားတို့ ပြင်သစ်တွေလိုပဲ ဒီမိုကရေစီ ၊ လွတ်လပ်ခွင့်ရဲ့ ပြယုဂ် ၊ တန်းတူညီမျှမှုနဲ့ သဟာယစိတ်ဓာတ်ထွန်းကားဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် တဆက်တည်းမှာ သူက ဒီလို ပြောခဲ့ပါတယ်။
“အသိမ်းခံလိုက်ရတဲ့ ကျွန်တော့်ပိုင်ဆိုင်မှုတွေ ပြန်ရဖို့ကလည်း အရေးကြီးတယ်လေ”
သက်ဆင်ရဲ့ အကျိုးစီးပွားတွေ ရှိနေတယ်လို့ ယူဆခံရတဲ့ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်း ဖြစ်သွားနိုင်ချေ ရှိပါတယ်။ ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရ ထားဝယ်မြို့နဲ့ မေမြို့တို့မှာ သက်ဆင်ရဲ့ ပိုင်ဆိုင်မှုတွေ ရှိနေပြီး မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာလည်း သူ့လက်တံတွေ ဖြန့်ကျက်ထားပါတယ်။
သက်ဆင်ရဲ့ အခုနောက်ဆုံးပေါ်ထွက်လာတဲ့ နိုင်ငံရေးအကွက်ဆင်မှုက မြန်မာပြည်တွေအဖို့ ငြိမ်းချမ်းရေးဆုလာဒ်ကို ဆောင်ကျဉ်းပေးမယ်ဆိုတာကတော့ ဖြစ်နိုင်ချေမရှိပါဘူး။
မြန်မာပြည်က အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးမှုအပြင် သူ့ရဲ့ စီးပွားရေးအကျိုးအမြတ်တွေကြောင့် သက်ဆင်ရဲ့ ကြားဝင်ညှိနှိုင်းမှုဟာ မြန်မာ့ပြည်တွင်းစစ်အရေး ထိုင်းအာဏာပိုင်တွေရဲ့ အားထုတ်မှုကို ပုံရိပ်ကျဆင်းစေနိုင်ပါတယ်။ အနည်းဆုံးတော့ ထိုင်းအာဏာပိုင်တွေကို အာရုံနောက်စေနိုင်တယ်။
သက်ဆင်ရဲ့ အခုလို ကြားဝင်ဆောင်ရွက်မှုက မြန်မာနိုင်ငံက အာဏာရှိပုဂ္ဂိုလ်တွေနဲ့ ထိုင်းနိုင်ငံအကြားက စီးပွားရေးအကျိုးစီးပွားချင်းဆက်နွှယ်မှုတွေကို လူတွေ ပိုအာရုံစိုက်မိလာစေနိုင်ပါတယ်။ ဒီအခြေအနေကနေ သက်ဆိုင်သူတွေအဖို့ အဖြေရခက်စေမယ့် မေးခွန်းတွေ ပေါ်ထွက်လာစေနိုင်ပါတယ်။
အထူးသဖြင့် မိမိနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို လူ့အခွင့်အရေးကို ပိုအခြေခံတဲ့ မူဝါဒမျိုး ဖြစ်စေလိုတဲ့ တိုးတက်တဲ့အမြင်ရှိတဲ့ ထိုင်းပြည်သူတွေက ထိုင်းအစိုးရအဖြေရခက်စေမယ့် မေးခွန်းမျိုးတွေ ပိုမေးလာနိုင်ချေ ရှိနေပါတယ်။
Lowy Institute ပါ CRAIG KEATING ၏ Thaksin Shinawatra’s Myanmar talks likely driven by politics and money ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။