အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာနိုင်ငံတွင် အကျပ်အတည်းများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်တိုက် ပံ့ပိုးနိုင်ရေးအတွက် “ပြည့်စုံသော” လိုအပ်ချက်များကို အကဲဖြတ်မှုအား အပြီးသတ်လုပ်ဆောင်နေလျက် ရှိသည်။
မေလ ၉ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွမ်ဘာဂျိုတွင် ကျင်းပနေသည့် အာဆီယံ၏ နှစ်စဉ် အစည်းအဝေးတွင် အဆိုပါ အကဲဖြတ်မှုကို အပြီးသတ်နိုင်မည်ဟု အဖွဲ့အနေနှင့် မျှော်လင့်ထားသည်။
အာဆီယံအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အသက်ကယ်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကဏ္ဍတွင်း ၎င်း၏လုပ်ငန်းစဉ် ပထမအဆင့်ကို “အနည်းနှင့်အများ” ပြီးမြောက်ခဲ့ပြီ ဖြစ်သည့်အတွက် ယခုလို မျှော်လင့်နိုင်ခြင်း ဖြစ်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောင်းဝ်ကင်မ်ဟွန်း က ပြောသည်။
အဆိုပါ ကဏ္ဍ၏ ပထမအဆင့် တွင် မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ရောဂါ ခုခံရေးအတွက် ဆေးဝါးနှင့် စက်ကိရိယာများ ပံ့ပိုးပေးခြင်းတို့ ပါဝင်သည်။
ပြီးခဲ့သည့်သောကြာနေ့ (ဧပြီ ၂၈ ရက်) ၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် စီအန်အေ သတင်းဌာန နှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ဒေါက်တာ ကောင်းဝ် က “ဒုတိယအဆင့် (အသက်ကယ်ခြင်း) ကို မစတင်မီ ပြည့်စုံသောလိုအပ်ချက်တွေအတွက် အကဲဖြတ်အဆင့် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထံမှ အာဏာကို စစ်တပ်မှ သိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ယခုအချိန်အထိ ကမောက်ကမ အခြေအနေသို့ ရောက်ရှိခဲ့ရသည်။
ဤသို့ အာဏာသိမ်းမှုကာလ၏ ကနဦးအစကတည်းကပင် အတိုက်အခံများကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းနိုင်ရန် စစ်အစိုးရက အသက်သေစေလောက်သည့် အင်အားကို အသုံးပြုခဲ့သည်။
မြန်မာနိုင်ငံအတွက် လိုအပ်ချက်များဆိုင်ရာ အာဆီယံ၏ အကဲဖြတ်မှုတွင် အကူအညီလိုသူဦးရေ၊ မည်သည့်နေရာများတွင် အကူအညီလိုအပ်ပုံ ၊ မည်သို့သော အကူအညီများ လိုအပ်ပုံ စသည့် အချက်များ ပါ၀င်မည်ဟု ဒေါက်တာ ကောင်းဝ်က ပြောသည်။
မြန်မာပြည်သူများအတွက် လတ်တလော လိုအပ်ချက်များက မည်သည့်အချက်များ ဖြစ်နိုင်မလဲ ဟု မေးမြန်းလိုက်သည့်အခါ ဒေါက်တာကောင်းဝ်အနေနှင့် ယခုလို လေ့လာမှုများ ဆောင်ရွက်နေသည့် ၎င်းတို့၏ အဖွဲ့နှင့် တွေ့ရှိချက်များကို အပြီးမသတ်ခင်အထိ ကောက်ချက်ချပြောဆိုခြင်း မပြုလိုကြောင်း ဖြေကြားခဲ့သည်။ သို့သော် ပံ့ပိုးမှုများကို လက်ခံရရှိမည့် သူများထဲတွင် ကျေးလက်နေပြည်သူများပါ ပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“မြေပြင်မှာ အကြမ်းဖက်မှုတွေကြောင့် ရွှေ့ပြောင်းရသူတွေ ရှိတယ်။ (အဲ့ဒီလိုလူတွေက) ရှင်သန်ဖို့ လိုအပ်တဲ့အရာတွေကို တကယ်လက်လှမ်းမမီနိုင်တဲ့သူတွေလည်း ပါပါတယ်။ ဒီလိုအုပ်စုတွေက ကျွန်ုပ်တို့ လုပ်ငန်းစဉ်အတွက် အာရုံစိုက်ရမယ့်သူတွေလို့ ထင်တယ်” ဟု ဒေါက်တာ ကောင်းဝ် ပြောသည်။
ထို့အပြင် အဆိုပါ အကဲဖြတ်မှုအတွက် မြန်မာနိုင်ငံမှ “ထဲထဲဝင်ဝင် လက်တွဲမှု (နှင့်) ပူးပေါင်းဆောင်ရွက်မှု” တို့ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်း အာဆီယံ၏ လုပ်ငန်းစဉ်များကို လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှား နိုင်ငံ၏ အထူးသံတမန်ရုံးက ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိသည်။
အကဲဖြတ်မှုအဆင့်လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများ
လိုအပ်ချက်များအတွက် အကဲဖြတ်မှု ဆောင်ရွက်ရာတွင် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ (AHA Centre) သည် မြန်မာနိုင်ငံ၏ လက်ရှိအာဏာပိုင်များ (စစ်ကောင်စီ၏ဌာနများ)နှင့် လက်တွဲဆောင်ရွက်နေပြီး တစ်ဖက်မှာလည်း အခြားသော တိုင်းရင်းသား လက်နက်ကိုင် အတိုက်အခံများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဒေါက်တာ ကောင်းဝ်က ပြောသည်။
အဆိုပါ အကဲဖြတ်မှုလုပ်ငန်းစဉ်သည် စတင်စဉ်ကတည်းက စိန်ခေါ်မှုများ ရှိသည့်အတွက် ကနဦး မှာတင် လုပ်ငန်းစဉ်ကို နှေးကွေးစေမှုများလည်း ရှိကြောင်း ၎င်းက ဆိုသည်။
လူတွေ့စစ်ဆေးရန် ယုံကြည်စိတ်ချရသော အုပ်စုများကို ခွဲခြားသတ်မှတ်ခြင်းသည် စိန်ခေါ်မှုများအနက် တစ်ခုဖြစ်သည်။
“မဖြစ်နိုင်တဲ့အရာကို ကျွန်ုပ်တို့ အတင်းအကျပ် မလုပ်နိုင်ပါဘူး။ ဒါကြောင့် AHA Center က ဘာတွေလုပ်နိုင်လဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုမယ်ထင်တယ်။ နောက်ပြီး ဒေသတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေအပြင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ်” ဟု ဒေါက်တာ ကောင်းဝ်က ပြောသည်။
ပြန်လည်သုံးသပ်မှုကို ဆောင်ရွက်ပြီးပါက အာဆီယံသည် နောက်ထပ်ကတိပြုသည့် ညီလာခံတစ်ခု ကို ကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးရန် နောက်ဆုံးကတိပြုသည့် ညီလာခံကို ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေး၏ ရလဒ်များအရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈သန်း နီးပါး တန်ဖိုးရှိသည့် ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်များနှင့် အပြင် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များနှင့် စက်ကိရိယာများ ကို ပံ့ပိုးပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံသို့ သွားရန် အစီအစဉ် ရှိ
အချိန်တန်ရင် အာဆီယံရဲ့ အတွင်းရေးမှူးချုပ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ရန် အစီအစဉ် ရှိကြောင်း ဒေါက်တာ ကောင်းဝ်က ပြောသည်။
“ကျွန်ုပ်ကို မြန်မာနိုင်ငံဆီ လာဖို့ ဖိတ်ခေါ်ထားပေမယ့် လိုအပ်ချက်ဆိုင်ရာ ပူးတွဲ အကဲဖြတ်မှုပြီးသွားမှပဲ သွားဖြစ်မှာပါ။ ဒါမှ ဒီခရီးစဉ်ကနေ လိုအပ်တဲ့ အဓိကအချက်အလက်တွေကို ရနိုင်မှာ ဖြစ်သလို နောက်ထပ် ဘယ်အချက်တွေ ထပ်ဖြည့်ဖို့ လိုသလဲ ဆိုတာကိုလည်း ပြန်ဆန်းစစ်နိုင်မှာပါ ” ဟု ၎င်းက ဆိုသည်။
အကယ်၍ မြန်မာနိုင်ငံသို့ သွားဖြစ်ပါက အဆိုပါ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူများ၏ လိုအပ်ချက်နှင့် စိုးရိမ်မှုများကို သိရှိရန် ဖြစ်သည်။
“ဒါက ကျွန်ုပ်အတွက် နံပါတ်တစ် ဦးစားပေးဖြစ်ပြီး သူတို့ (မြန်မာပြည်သူ)ကို ထောက်ပံ့ဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကို သိနိုင်ဖို့ပါပဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။ “သေချာတာကတော့ ကျွန်ုပ်တို့အနေနဲ့ မြေပြင်မှာ အကြမ်းဖက်မှုတွေ လျော့ပါးလာတာကို မြင်ချင်သလို ပြည်သူတွေအနေနဲ့ သူတို့ရွာတွေကို ပြန်သွားနိုင်တာမျိုးကိုလည်း တွေ့ချင်တာပါ။”
ထို့အပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နှောင့်နှေးကြန့်ကြာမှု မရှိ ၊ ပေးအပ်လိုကြောင်း ဒေါက်တာ ကောင်းဝ် က ပြောကြားခဲ့သည်။
“နေပြည်တော် (လက်ရှိ မြန်မာအစိုးရ) အနေနဲ့ ကျွန်ုပ်တို့ရဲ့ ပံ့ပိုးမှုတွေကို ပေးအပ်ခွင့် ပြုပြီး အဲ့ဒီလို ခွင့်ပြုတဲ့နေရာမှာလည်း အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသတွေသာမက တခြားသော ဒေသတွေ ကိုလည်း ပံ့ပိုးနိုင်ခွင့် ရလိမ့်မယ် လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါက်တာကောင်းဝ်သည် သူ့အနေနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်အခါတွင် ယခု အခြေအနေတွင် ပါဝင်ပတ်သက်သူအားလုံး ထံ ဆက်သွယ်ခွင့် ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
“ကျွန်ုပ်ရဲ့ အခန်းကဏ္ဍက တကယ်တော့ တိုင်းပြည် (မြန်မာနိုင်ငံ)တွင်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော့်ရာထူးအနေနဲ့ အာဆီယံပြည်သူတွေ ၊ ဒီကိစ္စမှာတော့ မြန်မာနိုင်ငံက ပြည်သူတွေအပေါ် အမှန်တကယ် အာရုံစိုက်ဖို့ပါ။ ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ ဘာတွေ ထပ်ပြီး လုပ်ပေးနိုင်မလဲ ဆိုတာ သိချင်ပါတယ်” ဟု ပြောသည်။
“အာဆီယံက မြန်မာ့အရေး ဖြေရှင်းမှုမှာ တဖက်တလမ်းကနေ ပါဝင်လိုတဲ့အတွက် ကျွန်ုပ်တို့ (အာဆီယံ)က ပြဿနာရဲ့ အစိတ်အပိုင်းမဟုတ်ပါဘူး။ နောက်ပြီးတော့ ဒီလို ပဋိပက္ခကာလအတွင်း (အာဆီယံအနေနဲ့ ဘာလုပ်နိုင်မလဲဆိုတာကိုလည်း တကယ်မြင်ချင်ပါတယ်”
==================================================================================
ဘာသာပြန် – ဒါလီ
ASEAN finalising ‘comprehensive’ humanitarian needs assessment in Myanmar by Saifulbahri Ismail and Jalelah Abu Baker of CNA ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။