သမိုင်းဝင်အငြင်းပွားမှုများကို ချန်ထားခဲ့ကာ တောင်ကိုရီးယားနှင့် ဂျပန် နှစ်နိုင်ငံအကြား နက်ရှိုင်းလာသည့် သံတမန်ရေး ဆောင်ရွက်ချက်များကို အလေးပေးကြိုးပမ်းရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောလ် က မေလ ၇ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါနေ့တွင် တောင်ကိုရီးယားနိုင်ငံ ၊ မြို့တော် ဆိုးလ်သို့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒ အား ကြိုဆိုလက်ခံတွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများနှင့် တရုတ်နိုင်ငံထံမှ ပြိုင်ဆိုင်မှုများကို ပိုမိုကောင်းမွန်စွာ ထိပ်တိုက်ရင်ဆိုင်ရန် နည်းလမ်းတစ်ခုအနေဖြင့် သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တောင်ကိုရီးယား နှင့် ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ ထို့ပြင် ဤသို့ ခေါင်းဆောင်များ၏ ကတိကဝတ်ကို အမေရိကန်အစိုးရက ကြိုဆိုခဲ့သည်။
ကီရှီဒ ၏ ဝန်ကြီးချုပ်အဖြစ် ဆိုးလ်မြို့သို့ ခရီးစဉ်သည် ပြီးခဲ့သည့် ၁၂ နှစ်တာအတွင်း ဂျပန်ခေါင်းဆောင်တစ်ဦး၏ တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးသော ခရီးစဉ် ဖြစ်သည်။ ယခုခရီးစဉ် မတိုင်မီ ၊ ပြီးခဲ့သည့် မတ်လတွင်း တောင်ကိုရီးယားသမ္မတ ယွန်း၏ တိုကျိုခရီးစဉ်တလျှောက်မှာလည်း ဆယ်စုနှစ် များစွာကြာ ဂျပန်-တောင်ကိုရီးယားဆက်ဆံရေးအပေါ် လွှမ်းမိုးခဲ့သည့် သမိုင်းကြောင်းအရ အငြင်းပွားမှုများ ဆိုင်ရာ အနေအထားကို ပြည်ဖုံးကားချနိုင်ရန် စတင် ကြိုးစားခဲ့ကြသည်။
“တောင်ကိုရီးယားနဲ့ ဂျပန် အကြား ပူးပေါင်းမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေဟာ နှစ်နိုင်ငံရဲ့ ဘုံအကျိုးစီးပွား အတွက် သာမက လက်ရှိ ဆိုးရွားနေတဲ့ နိုင်ငံတကာဆိုင်ရာ ကိစ္စရပ်တွေကို ရင်ဆိုင်နေရတဲ့ အခြေအနေအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်” ဟု သမ္မတ ယွန်း က ၎င်းတို့၏ အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့ပြင် အခုချိန်အထိ မဖြေရှင်းရသေးသော နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ပြဿနာများကြောင့် သံတမန်ရေးရာ ခရီးလမ်းတွင် ရှေ့သို့ ခြေလှမ်းများ မလှမ်းနိုင်သည့် အနေအထား ကို မဖြစ်စေသင့်ကြောင်း ၊ ၎င်းအနေနှင့် တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးကို ယခင်ကထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ယွန်း နှင့် နှစ်နိုင်ငံဆက်ဆံရေးအပြင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြား အခြေအနေကဲ့သို့သော ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ကီရှီဒ က ပြောကြားခဲ့သည်။
၎င်းသည် သမ္မတ ယွန်း ကို ယခုနှစ်၊ မေလနှောင်းပိုင်းတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် G-7ထိပ်သီး အစည်းအဝေး အပြင် နောက်ပိုင်းတွင် အမေရိကန်နှင့်ပါ သုံးနိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ရန် လည်း ဖိတ်ကြားထားသည်။
ထို့အပြင် ဝန်ကြီးချုပ် ကီရှီဒ သည် သမ္မတ ယွန်းကို ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံနှင့် သုံးနိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန် သတင်းရင်းမြစ် များစွာကို ကိုးကား၍ ကျိုဒိုသတင်းဌာနက မေလ ၅ရက်နေ့တွင် ဖော်ပြခဲ့သည်။
“မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်” ဟု ဆိုကာ ယခုလို ဆွေးနွေးနိုင်မှုသည် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသကို လုံခြုံစေသည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန် ၏ မဟာမိတ်ဖြစ်သော ယင်းနှစ်နိုင်ငံအကြား ထိပ်သီးတွေ့ဆုံမှုသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးဆွေးနွေးကာ ဒေသတွင်း အမေရိကန်ဆိုင်ရာ အကျိုးစီးပွားများကို အထူးအာရုံစိုက်ဖွယ် ရှိသည်ဟု ဆိုးလ်မြို့အခြေစိုက် ကိုရီးယားတက္ကသိုလ် (Korea University – KU) ၏ နိုင်ငံတကာဆက်ဆံရေး ဌာန မှ ပါမောက္ခ လီရှင်းဟွာ က ပြောကြားခဲ့သည်။
“သူတို့ (တောင်ကိုရီးယားနဲ့ ဂျပန်) ရဲ့ စစ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ စွမ်းဆောင်ရည်တွေဟာ ဒေသတွင်း လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာမှာ အရေးပါပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ညံ့ဖျင်းနေသေးတာက အမေရိကန်ရဲ့ ရည်မှန်းချက်တွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ကြား သမိုင်းကြောင်းအရ ကွာခြားချက်များသည် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ပွင့်လန်းလာသည့် ဆက်ဆံရေးအပေါ် အရိပ်ဆိုးပမာ ခြောက်ခြားစေလျက် ရှိနေသေးသည်။
သမ္မတ ယွန်း သည် ဂျပန်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းရာတွင် သူ ရရှိထားသည်ထက် ပိုမိုအားထည့်ကာ ဆောင်ရွက်မည် ဟူသော ပြောကြားချက်ကြောင့် တောင်ကိုရီးယားနိုင်ငံတွင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရရလျက် ရှိသည်။
ဤပြောကြားချက်အရ ဂျပန်နိုင်ငံ၏ ၁၉၁၀-၁၉၄၅ခုနှစ်အထိ ကိုလိုနီပြုခဲ့စဉ်က စစ်အတွင်း လုပ်အားခေါင်းပုံဖြတ်မှုဆိုင်ရာ ထိခိုက်ခံစားခဲ့ရသူများအတွက် လျော်ကြေးပေးရန်အတွက် တရားရုံးက အမိန့်ချမှတ်ထားသည်နှင့် မတူ၊ ဂျပန်ကုမ္ပဏီများထံမှ မဟုတ်ပဲ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများကို အဆိုပြုခြင်း ပါဝင်လာသည့် အတွက် ဝေဖန်မှု မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။
အနည်းငယ်မျှသော လေ့လာသူများအနေနှင့် အဆိုပါ သမိုင်းဝင် အမှားများအတွက် ဂျပန်နိုင်ငံထံမှ နောက်ထပ် တရားဝင်တောင်းပန်မှုကို မျှော်လင့်ထားသော်ငြား တောင်ကိုရီးယား အရာရှိများကမူ ဝန်ကြီးချုပ် ကီရှီဒ အနေနှင့် အပြုသဘောဆောင် တုံ့ပြန်မှုမျိုးနှင့် နိုင်ငံရေးအရ တဖက်တလမ်းက ထောက်ပံ့မှုမျိုး ပေးနိုင်မည် ဟု မျှော်လင့်နေကြသည်။
သမ္မတ ယွန်းကိုယ်တိုင်ကလည်း ဂျပန်နိုင်ငံအနေနှင့် အတိတ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွက် နောက်ထပ် “ဒူးထောက်” ရန် လိုအပ်သည် ဆိုသည့် အနေအထားကို မယုံကြည်ကြောင်း အရိပ်အယောင်ပြ ပြောဆိုခဲ့သည်။
သို့သော် နယ်ချဲ့သိမ်းပိုက်မှုကာလအတွင်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ဂျပန်နိုင်ငံအနေနှင့် ၎င်းတို့အပေါ် လုံလောက်သည့် တောင်းပန်မှုမျိုး မရှိနေသေးဟု တောင်ကိုရီးယား ပြည်သူအများစုက ယုံကြည်ထားကြကြောင်း ပါမောက္ခ လီ က ပြောသည်။
“ဝန်ကြီးချုပ် ကီရှီဒ အနေနဲ့ အခု တောင်ကိုရီးယားခရီးစဉ်အတွင်း သမိုင်းအရ အတိတ်ဆိုးတွေအကြောင်း ထုတ်ဖော်ပြောကြားတာအပြင် တောင်းပန်မှု တို့လိုမျိုး အပြုအမူတွေနဲ့ ရိုးသားမှု ကို ပြသသင့်တယ်လို့ ပြည်သူတွေက တွေးကြပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း အဆိုပါ ကိစ္စအပေါ် ဂျပန်၏ တုံ့ပြန်မှုသည် နှေးကွေးနေသေးသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒန်နီရယ် ရပ်ဆဲလ်က ပြောသည်။
“ကီရှီဒ အနေနဲ့ သူ့ရဲ့ ပြည်တွင်းရေးအရ ပြင်ပနိုင်ငံရေးအပေါ် ခွင့်ပြုနိုင်တဲ့အတိုင်းအတာထက် ပိုပြီး မြန်မြန် မသွားဖို့ သတိထားတာပါ” ဟု ၎င်းက ပြောသည်။
Reference ● The Straits Times ● Reuters