တနင်္သာရီတိုင်းရှိ ဒေသအချို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများရှိနေသည်။
မိုးရာသီမှာသာ အဖြစ်များလေ့ရှိသော သွေးလွန်တုပ်ကွေးမှာ ရာသီမရွေးတော့ဘဲ နွေရာသီမှာပင် ဖြစ်ပွားလာနေခြင်းဖြစ်သည်။
နွေရာသီရေရှားပါးမှုကြောင့် သောက်သုံးရေသိုလှောင်ခြင်းကလည်း ရာသီချိန်မတိုင်မီ သွေးလွန်တုပ်ကွေးဖြစ်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။
သွေးလွန်တုပ်ကွေးပိုးသယ်ဆောင်သည့် အေးဒီးစ်ခြင်မှာ ရေကြည်ရေသန့်တွင်သာ ပေါက်ဖွားလေ့ရှိသည်။
ယခင်က သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ခြင်ပေါက်ဖွားစေသည့် ပိုးလောက်လန်းနှိမ်နင်းရေး ဖုံး၊သွန်၊လဲ၊ စစ် လုပ်ကြရန် ကျယ်ကျယ်ပြန့်ပြန် ပညာပေးခဲ့သည်။
ထို့အပြင် သွေးလွန်တုပ်ကွေး ဖြစ်လာပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် အမြန်ဆုံးပြသပြီး ကျွမ်းကျင်ကျန်းမာရေး ဝန်ထမ်းများ၏ ကုသမှုခံယူခြင်း၊ သွေးလွန်တုပ်ကွေးဖြစ်သူ၏ နေအိမ်ဝန်းကျင်ကို ခြင်ဆေးဖြန်းပြီး ရောဂါပိုးသယ်ဆောင်သည့် ကွင်းဆက်ကို ဖြတ်တောက်ကြလေ့ရှိသည်။
စစ်အာဏာသိမ်းပြီးချိန်တွင်မူ ဖုံး၊သွန်၊လဲ၊စစ် လုပ်ရန် ဆော်ဩမည့်အဖွဲ့အစည်းများ အားနည်းသွားသည်။
ထို့အပြင် သွေးလွန်တုပ်ကွေးဖြစ်လာပါကလည်း နေရာဒေသအများစုတွင် ဆေးရုံ၊ဆေးခန်းပြရန် လက်လှမ်းမမီတော့သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
ယင်းကြောင့် သွေးလွန်တုပ်ကွေးနှင့်ပတ်သက်၍ စာဖတ်သူများ သိရှိသတိပြုနိုင်စေရန် တင်ပြလိုက်သည်။
သွေးလွန်တုပ်ကွေးနှင့် ပတ်သက်ပြီး နှစ်ပိုင်းခွဲ ပြောပြသွားပါမည်။
ကြိုတင်ကာကွယ်ကြ
ပထမပိုင်းအနေဖြင့် ‘ကာကွယ်ခြင်းသည်ကုသခြင်းထက် ထိရောက်သည်’ ဆိုသည့်စကားအတိုင်းပင် သွေးလွန်တုပ်ကွေးမှာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။
မည်ကဲ့သို့ ကာကွယ်ရမည်နည်းဆိုလျှင် ကိုယ့်အိမ်နှင့် ကိုယ့်အိမ်ပတ်ဝန်းကျင်ကို ပုံမှန်သန့်ရှင်ရေးလုပ်ရန်လိုအပ်ပေသည်။
သွေးလွန်တုပ်ကွေးမှာ ရောဂါပိုးသယ်ဆောင်သည့် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး အဆိုပါခြင်မှာ ရေကြည်ရေသန့်တွင်သာ ပေါက်ဖွားနိုင်သည်။
ထို့အပြင် နေ့လယ်နေ့ခင်းတွင်သာ ကိုက်လေ့ရှိသည့်အတွက် နေ့လယ်နေ့ခင်းအိပ်ချိန်တွင် မိမိကလေး ခြင်ကိုက်မခံရစေရေး အထူးသတိပြုရမည်ဖြစ်သည်။
ထိုကြောင့် မိမိနေအိမ်နှင့် အိမ်ဝန်းကျင်တွင် ရေတင် ရေဝပ်နိုင်သည့်နေရာများကို ဖုံးမှောက်ခြင်း၊ ဘုရားပန်အိုး၊ ညောင်ရေအိုးများကို ပုံမှန်သန့်ရှင်းရေးလုပ်ခြင်းနှင့် ရေတွင်း၊ ရေကန်၊ ရေသိုလှောင်သည့်နေရာများကို ခြင်မပေါက်ဖွားနိုင်စေရန် စီမံရမည်ဖြစ်သည်။
ယင်းမှသာ ခြင်ပေါက်ဖွားမှုမရှိတော့ဘဲ သွေးလွန်တုပ်ကွေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် သွေးလွန်တုပ်ကွေးဖြစ်လာပါက မည်ကဲ့သို့ ပြုစုကုသရမည်ဆိုသည့်အချက်ကို သိထားရန်လိုအပ်သည်။
သွေးလွန်တုပ်ကွေးဖြစ်လျှင်
ဆရာဝန်များက ကလေးစဖျားသည့်ရက်မှ ၇ ရက်အထိ သွေးလွန်တုပ်ကွေးကာလအဖြစ်သတ်မှတ်ကြသည်။စဖျားသည့်ရက်ကို Day 1 အဖြစ် သတ်မှတ်သည်။ ကလေးစဖျားချိန်မှစကာ ဓာတ်ဆားရည် မဖြစ်မနေတိုက်ရန် လိုအပ်သည်။
သွေးလွန်တုပ်ကွေးလက္ခဏာများကို စဖျားပြီး ၃ ရက်မြောက်နေ့တွင် စတင်တွေ့ရှိနိုင်သလို အဖျားငွေ့ငွေရှိနေတတ်သည်။
သွေးပေါင်ချိန်ကိရိယာဖြင့်လက်မောင်းတွင် စမ်းသပ်ခြင်းဖြင့်လည်း သိနိုင်သည်။
ထိုအချိန်တွင် ဖျားသည့်ကလေးမှာ အဆမတန်နုံးချိပြီး ကိုယ်အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ဝန်းကျင်ရှိလေ့ရှိသည်။
ကော်ဖီ၊ အိုဗာတင်းအညိုရောင်၊စပျစ်သီး နှင့် အမဲရောင်နှင့် အညိုရောင်ပါသည့်အစားအသောက်များ မကျွေးသင့်ကြောင်း ဆရာဝန်များက အကြံပြုသည်။
အကြောင်းမှာ သွေးလွန်တုပ်ကွေးကူးစက်ခံရပြီးချိန် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဝမ်းတွင်း(အစာအိမ်နှင့် အူလမ်းကြောင်း) သွေးယိုပြီး ဝမ်းအမဲရောင်သွားခြင်းနှင့် ကော်ဖီရောင် အန်ပါက အန္တရာယ်ရှိသည့်လက္ခဏာအဖြစ်သတ်မှတ်ထားသည်။
အထက်ပါအစားအသောက်များကျွေးမိပါက သွေးလွန်တုပ်ကွေး အန္တရာယ်လက္ခဏာနှင့် ရောထွေးသွားနိုင်သည့်အတွက် တားမြစ်ကြခြင်းဖြစ်သည်။
ကလေးမှာ ဖျားပြီး (၁)အဆမတန်မှေးလာခြင်း (၂)အစာနှင့် ရေ မစားမသောက်ခြင်း (၃) ကော်ဖီအရောင်သို့မဟုတ် အမဲရောင် အန်ခြင်း (၄) ဝမ်းသွားချိန်တွင်လည်း အမည်းရောင်ဖြစ်ပြီး အနံ့ပြင်းပြင်းထန်ထန်နံခြင်း (၅) မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း၊ (၆) မခံနိုင်အောင် ခေါင်းကိုက်ခြင်း (၇) ကိုယ်အပူချိန် ရုတ်တရက်ကျခြင်း တက်ခြင်း(၈) နှာခေါင်း သွားဖုံးသွေးယိုခြင်း စသည့်လက္ခဏာများဖြစ်ပေါ်လာပါက အန္တရာယ်ရှိသည့် အဆင့်အဖြစ် သတ်မှတ်ထားသည်။
အဆိုပါ အချက် ၈ ချက်အနက် တစ်ချက်ချက်ဖြင့် ကိုက်ညီနေပါက သို့မဟုတ် ဖျားပြီး ၃ ရက်၊ ၄ ရက်ခန့်ကြာနေပြီး ခန္ဓာကိုယ်တွင် အနီကွက် အညိုကွက်ပေါ်လာပါက ချက်ချင်းဆေးရုံသွားပြီး မဖြစ်မနေကုသမှုခံယူရမည်ဖြစ်သည်။
ထိုကြောင့် မိမိရင်သွေးများ အသက်အန္တရာယ်မဖြစ်စေရေးအတွက် သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များကို ကျွမ်းကျင်ဆရာဝန်အား မေးမြန်းပြီး ကိုးကားတင်ဆက်လိုက်ပါသည်။