BREAKING
April 14, 2025

သင်္ကြန်ပိတ်ရက် ထိုင်းရောက် ကမ္ဘောဒီးယားနှင့်လာအိုလုပ်သား သောင်းချီအိမ်ပြန်

April 10, 2025

ပုံစာ - ကမ္ဘောဒီးယား အလုပ်သမားသောင်းချီ နေရပ်ပြန်ရန် စကဲဝိုနယ်စပ်ဂိတ်တွင် ယနေ့ စောင့်ဆိုင်နေစဉ် (Thairath)

သင်္ကြန်အလုပ်ပိတ်ရက်ရှည်တွင် ထိုင်းရောက် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ သောင်းဂဏန်းခန့် နေရပ်ပြန်နေကြပြီဖြစ်သည်။

သင်္ကြန်အလုပ်ပိတ်ရက်တွင် ရွှေ့ပြောင်းအလုပ်သမားများ အိမ်အလည်ပြန်နိုင်ရန် ထိုင်းအစိုးရက ပြန်လည်ဝင်ရောက်ခွင့်ဗီဇာ (RE ENTRY) ကို ဧပြီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ အခမဲ့ ခွင့်ပြုထားခြင်းဖြစ်သည်။

ထိုင်းစက်ရုံအများစုကလည်း သင်္ကြန်ပိတ်ရက်ကို အနည်းဆုံး ၅ ရက်မှ ၁၅ ရက်အထိ အားလပ်ရက်ပေးထားကြောင်း အလုပ်သမားများထံမှ သိရသည်။

အားလပ်ရက်ကာလတွင် ကမ္ဘောဒီးယားနှင့် လာအိုအလုပ်သမားများက နယ်စပ်ဂိတ်များမှတစ်ဆင့် နေရပ်ပြန်သူတစ်နေ့လျှင် သောင်းချီရှိနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် သန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများ ရောက်ရှိနေသော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေများကြောင့် မြန်မာလုပ်သား အများစုနေရပ်မပြန်ရဲကြပေ။

ကိုဗစ်မတိုင်ခင်ကာလက မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားတွင် သင်္ကြန်ကာလ အိမ်အလည်ပြန်သူများ နေ့စဉ် ၅၀၀ ကျော်ခန့် ရှိကြောင်း၊ ယခုနှစ်တွင် တံတားဖြတ်၍ နေရပ်ပြန်သူများမှာ မရှိသလောက် နည်းပါးကြောင်း ယင်းတံတားကိုဖြတ်၍ ကုန်စည်ပို့ဆောင်နေသော မြန်မာနိုင်ငံသား တစ်ဦးကဆိုသည်။

“ဒီနှစ်မှာကျတော့ တော်တော်ကို ရှားသွားတာပေါ့။ ပုံမှန် (ဖြတ်နေကျ) လူဦးရေလောက်ပဲ ရှိတာပေါ့နော်။ သင်္ကြန်မို့လို့ ပြန်တယ်ဆိုတာမျိုးမရှိတော့ဘူး” ဟု ၎င်းကဆိုသည်။

ကိုဗစ်မတိုင်မီက မြန်မာအလုပ်သမားများသည် သင်္ကြန်ပိတ်ရက် အိမ်ပြန်ကြရန် ဧပြီလ ၇ ရက်၊ ၈ ရက်၊ ၉ ရက်နေ့များမှစ၍ တံတားပေါ်တွင် ကားများဖြင့် တန်းစီသည့် မြင်ကွင်းမျိုးကို နှစ်တိုင်း မြင်နေကြဖြစ်သော်လည်း ယခုနှစ်များတွင် မမြင်တွေ့ရတော့သဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ၎င်းက ပြောသည်။

“မနက်ဆို ဘန်ကောက်က ကားတွေက မဲဆောက်ကို ၆ နာရီ ၇ နာရီလောက်ဆို ဆိုက်ပြီ။ အဲဒီလူဦးရေက တန်းစီနေကြတာ။ လေးငါးရာလောက်က တန်းစီပြီးကို စောင့်နေကြတာ။ အခုက အဲလိုမြင်ကွင်းမျိုးလည်း မရှိတော့ဘူး” ဟု မဲဆောက်နေ မြန်မာနိုင်ငံသားက ဆိုသည်။

လက်ရှိတွင် တံတားပေါ်က ဖြတ်သန်းပြီး အိမ်ပြန်သူအများစုသည် မဲဆောက်နေ မြန်မာအလုပ်သမားများဖြစ်ကြပြီး စက်ရုံများတွင် လုပ်ကိုင်နေသူများသာဖြစ်ကြောင်း သိရသည်။

အများစုက အမျိုးသမီးများဖြစ်ကြပြီး ပြည်တွင်း စစ်မှုထမ်းဥပဒေကြောင့် မဲဆောက်နေ အမျိုးသားများပင် နေရပ်မပြန်ကြတော့ကြောင်း ၎င်းက ပြောသည်။

မြန်မာပြည်တွင်းစစ်နှင့် စစ်မှုထမ်းဥပဒေများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ရသော ၄ နှစ်စလုံးတွင် သင်္ကြန်ကာလ အိမ်ပြန်ခွင့် မရခဲ့ကြောင်း ချွန်ဘူရီစက်ရုံက မြန်မာအလုပ်သမားက ပြောသည်။

“နိုင်ငံရေးကလည်း တိုက်ပွဲနဲ့ စစ်မှုထမ်းကလည်း ရှိနေသေးတာ။ ပြန်ရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူဖြစ်နေတယ်” ဟု ကားတာယာစက်ရုံက မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသော မြန်မာအလုပ်သမားများကလည်း ဗီဇာကုန်နေသဖြင့် အရေးတကြီး နေရပ်ပြန်ရန်ရှိနေသူအချို့ပင် အိမ်မပြန်ရဲကြကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။