BREAKING
April 18, 2025

ရေးအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီး

April 10, 2025

ဓာတ်ပုံ - ရေးဘီလူးအဖွဲ့ ဖမ်းဆီးထားသည့် စစ်ကောင်စီစစ်မှုထမ်းသင်တန်းဆင်းတပ်သား။ ဓာတ်ပုံ - ရေးဘီလူးအဖွဲ့။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်ဆီးထားကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၉ ရက် နံနက်ပိုင်းတွင် ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသည့် တပ်သား ကျော်ဇင်ဖြိုးဆိုသူကို ရေးဘီလူးတပ်ရင်း၊ တပ်ခွဲ (၂) က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အဆိုပါတပ်သားကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

“သူက တပ်ကနေ ထွက်ပြေးလာတယ်။ သေနတ်တွေ ဘာတွေတော့ ပါမလာဘူး။ လောလောဆယ် သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်” ဟု ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်သား ကျော်ဇင်ဖြိုး စစ်ကိုင်းတိုင်၊ ဝန်းသိုမြို့နယ်ကဖြစ်ပြီး ရန်ကုန်တွင် အလုပ်လာလုပ်စဉ် စစ်မှုထမ်းရန်အတွက် တပ်သားအဖြစ် စုဆောင်းခံရပြီး ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၄) သင်တန်းဆင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ရေးမြို့အခြေစိုက် စစ်ကောင်စီ စကခ (၁၉) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား ငါးဦးတို့သည်လက်နက်ခဲယမ်းများနှင့်အတူ ရေးဘီလူးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ခိုလှုံသည့်ဖြစ်စဉ် မကြာခဏ ရှိနေပြီး စုဆောင်းထားသည့်အချက်အလက်များအရ လက်ရှိအချိန်ထိ ရေးဘီလူးအဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းရှိနေသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း တပ်စခန်းများ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသလို စစ်ကောင်စီ စစ်ကြောင်း၊ စစ်ယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်တာမှု မကြာခဏ ပြုလုပ်လေ့ရှိသည်။