တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းတစ်လျှောက်တွင် နှစ်ပတ်နီးပါးကြာ လမ်းကင်းယူတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ပြန်ရုပ်သိမ်းသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။
ဧပြီလ ၇ရက် နေ့လယ်တွင် အင်အား ၄၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သားများသည် ရမ်းဖိုရွာမှ ပြန်လည် ဆုတ်ခွာသွားကြောင်း အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
”ကားနှစ်စီးနဲ့ ပြန်သွားကြတယ်။ မြိတ်ဘက်ကို ဦးတည်ပြီး မောင်းသွားကြတယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာနှင့် ရမ်းဖိုရွာရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများက လမ်းကင်းယူထားခြင်း ဖြစ်သည်။
လက်ရှိတွင် ရမ်းဖိုရွာရှိ စစ်ကောင်စီတပ်လမ်းကင်းများကိုသာ ပြန်ရုပ်သွားပြီး ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီ လမ်းကင်းမှာမူ ရှိနေဆဲဖြစ်ကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သို့ရာတွင် ရမ်းဖိုရွာအနီးရှိ ဆီအုန်းကုန်းတွင်မူ ယူနီဖောင်းအမည်းရောင် ဝတ်ဆင်ထားပြီး လည်စည်း အမည်းရောင် ပတ်ထားသည့် စစ်ကောင်စီတပ်သားများကို တွေ့ရကြောင်း မျက်မြင်တွေ့ခဲ့သည့် ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။
“ဆီအုန်းကုန်းမှာ ညနေဘက်က စစ်ကောင်စီက ခရီးသွား၊ ခရီးလာ ကားနဲ့ဆိုင်ကယ်တွေကို ထွက်စစ်နေတယ်” ဟု အဆိုပါအမျိုးသားက ပြောဆိုသည်။
ညောင်ပင်ကုန်းရွာနှင့် အနီးဝန်းကျင်ရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းကင်းယူထားသည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်များက ဧပြီ ၃ရက်ကစပြီး သုံးရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့သည်။