BREAKING
April 18, 2025

တရုတ်ကြေးစားစစ်သား ၁၅၀ ကျော်ကို TikTok မှတစ်ဆင့် ရုရှားက တပ်သားစုဆောင်းခဲ့ဟုဆို

April 10, 2025

တရုတ်ကြေးစားစစ်သား ၁၅၀ ကျော်ကို ရုရှားက TikTok မှတဆင့် တပ်သားအဖြစ် စုဆောင်းထားကြောင်း ထောက်လှမ်းရေးအသေးစိတ်အချက်အလက်များ ရရှိထားသည်ဟု ယူကရိန်းသမ္မတဇလန်းစကီးက ဧပြီလ ၉ရက်က ပြောသည်။

ယူကရိန်း၏ အဆိုပါ စွပ်စွဲချက်မှာ “အခြေအမြစ် လုံးဝမရှိ” တရုတ်အစိုးရဘက်က ငြင်းဆန်ထားသည်။

ယူကရိန်းနယ်နိမိတ်ထဲတွင် ရုရှားစစ်တပ်ဘက်မှ ဝင်တိုက်ပေးနေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ယူကရိန်းစစ်တပ်က ဖမ်းဆီးရမိထားကြောင်း ယူကရိန်းသမ္မတဇလန်းစကီးက ဆိုသည်။

ရုရှား – ယူကရိန်းစစ်အဆုံးသတ်ရေး အမေရိကန်ဘက်က ကြိုးစားနေချိန်တွင် ယူကရိန်းဘက်က အဆိုပါ စွပ်စွဲချက်မျိုး ပထမဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်ကြေးစားစစ်သားများကို တပ်သားအဖြစ် စုဆောင်းရန် ရုရှား၏ ကမ်ပိန်းကို တရုတ်အစိုးရဘက်က သိရှိထားကြောင်း ဇလန်းစကီးက ဆိုသော်လည်း ယင်းအပေါ် သက်သေအထောက်အထား ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယူကရိန်းစစ်ပွဲတွင် တရုတ်ကြေးစားစစ်သားများ ဝင်ရောက်တိုက်ခိုက်မှုကို တရုတ်အစိုးရက တရားဝင်ခွင့်ပြု စေလွှတ်ပေးခဲ့ခြင်း ဟုတ်မဟုတ်ကိုလည်း ၎င်းက ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

သို့သော်လည်း ရုရှားဘက်က ဝင်တိုက်ပေးနေသည့် တရုတ်နိုင်ငံသား ၁၅၅ ဦး၏ နိုင်ငံကူးလက်မှတ်အချက်အလက်များနှင့် နာမည်များကို ယူကရိန်းဘက်က ရရှိထားပြီးပြီဖြစ်ကြောင်း ဇလန်းစကီးက ဆိုသည်။

“သူတို့တွေ နောက်ထပ်အများကြီး ရှိသေးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ တရုတ်ကြေးစားစစ်သားများ စစ်သင်တန်းတက်ရန် ရုရှားသို့ မည်သည့်အချိန်တွင် ထွက်ခွာခဲ့သည်၊ မည်သည့်အချိန်တွင် ရုရှားစစ်တပ်နှင့်အတူ စတင်တိုက်ပွဲဝင်ခဲ့သည် ဆိုသည့်အချက်များကိုလည်း ဇလန်းစကီးက သတင်းထောက်များကို မျှဝေခဲ့သည်။

အဆိုပါ အချက်အလက်များနှင့် အထောက်အထား စာရွက်စာတမ်းများကို ၎င်းတို့အနေဖြင့် သီးခြား အတည် မပြုနိုင်သေးကြောင်း AP သတင်းဌာနက ဆိုသည်။

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးချိန်မှစ၍ တရုတ်အစိုးရက ရုရှားအတွက် သံတမန်ရေးအရ ခိုင်မာအားကောင်းစွာ ထောက်ခံ ပေးခဲ့သည်။

စွမ်းအင်နှင့် စားသုံးသူကုန်စည် ကုန်သွယ်မှု ပြုလုပ်ကာ တရုတ်က ရုရှား၏ စီးပွားရေးကို ကျားကန်ပေးခဲ့သည့်အပြင် ရုရှားစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် စက်ယန္တရားများနှင့် မိုက်ခရိုအီလက်ထရောနစ် ပစ္စည်းများကိုပါ တရုတ်က ရုရှားထံ ရောင်းချပေးခဲ့ကြောင်း အနောက်နိုင်ငံများက ဆိုသည်။

အီရန်က ရုရှားအတွက် ဒရုန်းများ ထောက်ပံ့ပေးနေကြောင်း အမေရိကန်က စွပ်စွဲထားသည်။

မြောက်ကိုရီးယားက ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများကို ရုရှားအတွက် ထောက်ပံ့ပေးထားကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်က စွပ်စွဲထားသည်။

သို့သော် တရုတ်က ၎င်း၏တပ်ဖွဲ့များ၊ လက်နက်များနှင့် စစ်ရေးအကူအညီများကို ရုရှားထံ ပံ့ပိုးအကူအညီပေးခဲ့သည်ဟု ပြောဆိုမှုများကား မရှိသေးပေ။