အမေရိကန်က ကုန်သွယ်ဖက်နိုင်ငံများအပေါ် မကြာသေးမီက တိုးမြှင့်လိုက်သည့် တန်ပြန်သွင်းကုန်အခွန်များကို ရက် ၉၀ ကြာ ဆိုင်းငံ့မည်ဖြစ်ပြီး အခြေခံသွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
ပြီးခဲ့သည့် အပတ်က အဆမတန် တိုးမြှင့်လိုက်သည့် အမေရိကန်၏ တန်ပြန်သွင်းကုန်အခွန်များ စတင်အသက်ဝင်ပြီး နာရီပိုင်းအကြာတွင်ပင် ယင်းသို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
သို့သော်တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်အခွန်ကိုမူ ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ပြီဟု ထရမ့်က ဆိုသည်။
ယင်းမှာ တရုတ်အစိုးရက အမေရိကန်သွင်းကုန်ပစ္စည်းများအပေါ် အခွန် ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းအပေါ် တုံ့ပြန်မှုဟု ၎င်းက ပြောသည်။
“ကမ္ဘာ့ဈေးကွက်အပေါ် တရုတ်နိုင်ငံက လေးစားမှုမရှိတဲ့အတွက်ကြောင့် အမေရိကန်အစိုးရက တရုတ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်စည်းကြပ်ခွန်ကို ၁၂၅ ရာခိုင်နှုန်းအထိ ကျွန်တော် တိုးမြှင့်လိုက်ပါတယ်။ ဒါက ချက်ချင်း မဆိုင်းမတွ အသက်ဝင်လာမှာ ဖြစ်ပါတယ်”ဟု ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

သို့သော်လည်း တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်နေဆဲဖြစ်သည်ဟု ၎င်းက စွပ်စွဲခဲ့သည်။
ကုန်သွယ်ဖက်နိုင်ငံများအပေါ် သွင်းကုန်အခွန်များကို ဆိုင်းငံ့လိုက်ပြီးနောက် အမေရိကန်နိုင်ငံတွင် စတော့ရှယ်ယာ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။
S&P 500 က ၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ငါးနှစ်တာကာလတွင် တစ်ရက်အတွင်း အများဆုံးမြင့်တက်မှု ဖြစ်လာသည်။
Nasdaq သည်လည်း ၎င်း၏ ဒုတိယမြောက် စံချိန်အမြင့်ဆုံးဖြင့် ၁၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့်အပတ်က ကြေညာလိုက်သည့် အမေရိကန်၏ သွင်းကုန်အခွန်တိုးမြှင့်မှုကို ဆိုင်းငံ့ရန် ရည်ရွယ်ချက် ထရမ့်မှာ အမြဲရှိနေခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessett က သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းမှာ ထရမ့်၏ ဗျူဟာပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
Source: CNBC, Gulf Today