BREAKING
April 18, 2025

ကော့သောင်းတိုက်ခိုက်မှုတွင် စခန်းမှူးအပါအဝင် ရဲသုံးဦး သေဆုံး

April 10, 2025

ဓာတ်ပုံ - ကော့သောင်း ပကဖ

ကော့သောင်းမြို့နယ် ဖော့သုတ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ကြားဖြတ်တိုက်ခိုက်ရာက မာရမ်းရဲစခန်းမှူးအပါအဝင် ရဲသုံးဦးသေဆုံးသွားကြောင်း ပကဖ တာဝန်ရှိသူထံမှ သိရသည်။

ဧပြီလ ၉ ရက်နေ့ ညနေ့ ၄ နာရီဝန်းကျင်တွင် အဆိုပါ ရဲစခန်းမှူးနှင့်အဖွဲ့သည် အေးချမ်းသာကျေးရွာတွင် ဆက်ကြေးကောက်ပြီး ကားဖြင့်ပြန်လာစဉ် ဖော့သုတ်ရွာ သင်္ချိုင်းအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုသည်။

“လတိုင်းသွားကောက်နေတာဗျ။ကျွန်တော်တို့လည်း ရက်အတိအကျမသိလို့ ချောင်းနေတာကြာပြီဗျ။မနေ့ကမှ ကွက်တိကျသွားတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါရဲများမှာ ထိုင်း-မြန်မာ နယ်စပ် ရှမ်းကိုးရွာအခြေစိုက် မာရမ်းရဲစခန်းတွင် တာဝန်ကျနေသူများဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စခန်းမှူး(ရဲအုပ်)တစ်ဦး၊ ဒုရဲအုပ် အပါအဝင် ရဲနှစ်ဦးသေဆုံးပြီး ရဲတပ်ကြပ်ကြီးတစ်ဦးက ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ကော့သောင်း ပကဖ ကထုတ်ပြန်ထားသည်။

ကြားဖြတ်တိုက်ခိုက်ပြီးနောက် ကော့သောင်းပကဖအဖွဲ့က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုအတွင်း ၄၀ မမ တစ်လက်၊ ၄၀ မမဗုံးသီး ၁၆ လုံး၊ အေကေသေနတ် နှစ်လက်နှင့် ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ပစ္စတိုသေနတ်၊ ခြောက်လုံးပြူးသေနတ်နှင့် ဖုန်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မာရမ်းရွာနှင့် ဖော့သုတ်ကျေးရွာမှာ ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်နှင့် ကပ်လျက်တည်ရှိပြီး ပါချန်မြစ်ဘေးတွင် တည်ရှိသည်။