စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ချိန်ဖမ်းဆီးသွားသည့် ထားဝယ်မြို့နယ် ပကာရီကျေးရွာက ဒေသခံ ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။
ပကာရီရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ရန် ဧပြီလ ၂ရက်နေ့က ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် လမ်းတွင်တွေ့သည့် ပကာရီဒေသခံ ရှစ်ဦးကို ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
ယင်းနောက် ပကာရီရဲကင်းစခန်းမှတစ်ဆင့် ဒေသခံ နှစ်ဦးတစ်ကြိမ်၊ သုံးဦးတစ်ကြိမ် ရက်ခြားလွှတ်ပေးခဲ့ကြောင်း ပကာရီရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ဆက်လက်ဖမ်းဆီးခံထားရသည့် အသက် ၄၀ကျော်အရွယ် ကိုသားသားနှင့် နောက်ထပ် အမျိုးသားနှစ်ဦးတို့ကိုမူ ဧပြီလ ၉ရက်နေ့တွင် ပြန်လွှတ်ပေးကြောင်း ၎င်းက ဆိုသည်။
“သူတို့ကို ပြန်မလွတ် မလွတ်နဲ့ ဘုန်းကြီးက သွားပြီးထုတ်ပေးခဲ့တာမှာ မနေ့က ပြန်လွတ်ပေးလိုက်တာ” ဟု ပကာရီကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဧပြီလ ၂ ရက် နံနက် ၈ နာရီခန့်မှ နေ့လယ် ၁၂ နာရီခွဲခန့်အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KTLA၊ KNLA၊ PDF ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KTLA တပ်ခွဲမှူးနှင့် ဒေသခံအချို့က ပြောသည်။
နံနက်ပိုင်းတွင် ကော်သူးလေတပ်မတော်- KTLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်စစ်ကြောင်းတို့ ရေလယ်အင်းရပ်ကွက်တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ကြိမ်တွင် ပူးပေါင်းတပ်ဖွဲ့အားလုံးနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။
တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျားခုန်အိုင်အနီးက ပကာရီကျေးရွာက တိုက်ခံ အိမ် တစ်လုံး၊ ဆိုင်ကယ်တစ်စီး မီးလောင်ခဲ့ပြီး ယက်ကန်းစင်တောင်ဘုန်းကြီးကျောင်းအနီးက ဥယျာဉ်ခြံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
အဆိုပါစစ်ကြောင်းသည် အိမ်ခြေ ၈၀၀ ခန့်ရှိသည့် ပကာရီကျေးရွာက နေအိမ်အများအပြားကို ဖောက်ထွင်းရှာဖွေထားပြီး ဈေးဆိုင်များရှိ ပစ္စည်းများကို ယူဆောင်သွားသည်ဟု ဒေသခံအချို့က ပြောဆိုသည်။
မြေးခံဘော်ရွာက ကွမ်းသီးခြောက်တင်ပို့ရောင်းချနေသည့် ကားတစ်စီးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ဖျက်ဆီးခဲ့ပြီး ကားပေါ်ပါသည့် အမျိုးသားသုံးဦးကိုလည်း ထိုနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဆန်းချီ (၁) ရပ်ကွက်က မိုင်းတွင်းနှင့် ဥယျာဉ်ကြီး၊ အညာဖျားရွာ ဒေသကို ဆက်သွယ်သွားလာရသည့် တံတားတစ်စင်း မီးရှို့ခံရပြီး မည်သူမည်ဝါ ရှို့သည်ကိုမူ မသိကြောင်း ဒေသခံအချို့က ဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး အရှေ့တောဒေသ သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ မေတ္တာ၊ ပကာရီစသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် KNLA၊ KTLA၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် အရှေ့တောဒေသရှိ ကျေးရွာ တစ်ဆယ်ကျော်က ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။