ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၌ မြန်မာအလုပ်သမားသိန်းနှင့်ချီရှိသည့် မဟာချိုင်မြို့တွင် စစ်ဘေးရှောင် ရန်ပုံငွေပွဲအဖြစ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။
မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဝေလ ၉ လမ်းရှိ တနင်္ဂနွေဈေးကွင်းကြီးတွင် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စတုဒီသာများလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတို့က ပြောသည်။
“ပုသိမ်ထီးတွေနဲ့ ချိတ်မယ်။ အထဲမှာ အေးဆေး ရေကစားမယ်။ ဝင်ကြေးအနေနဲ့ ကောက်မယ်။ ရရှိတဲ့ ဝင်ကြေးတွေကို စစ်ဘေးရှောင်တွေကို လှူမယ်” ဟု ပွဲစီစဉ်သူတစ်ဦးက ပြောဆိုသည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ဘတ် ၅၀ နှုန်း သတ်မှတ်ထားပြီး ပွဲတော် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၁၀၀၀၀ ကျော် လာရောက်ကစားကြမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။
ပွဲကျင်းပသောနေ့ နံနက် ၆ နာရီတွင် ဘုန်းကြီးဆွမ်းကပ်ပွဲ၊ သက်ကြီးပူဇော်ပွဲများ ပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ကို စတင်ဖွင့်လှစ်ပြီးနောက် စတင်ရေကစားနိုင်ပြီဖြစ်ကြောင်း ပွဲစီစဉ်သူတို့ထံမှ သိရသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ထိုင်းအာဏာပိုင်များထံမှ စာရွက်စာတမ်းများဖြင့် တရားဝင် ခွင့်ပြုချက် တောင်းခံပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
သင်္ကြန်ပွဲတော်တွင် လာရောက်ရေကစားပြီး စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့နိုင်မည်ဖြစ်သောကြောင့် လာရောက်ရေကစားကြရန် ပွဲစီစဉ်သူများက ဖိတ်ခေါ်ထားသည်။
ထိုင်းနိုင်ငံ မဟာချိုင်မြို့သည် မြန်မာအလုပ်သမား သိန်းနှင့်ချီ အလုပ်လုပ်ကိုင်နေခဲ့သော စက်ရုံလုပ်ငန်းများရှိရာ မြို့တစ်မြို့ဖြစ်သည်။