လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ကိုသုံးပြီး အလှူခံနေသူ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးကို ဖမ်းမိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။
ဖမ်းမိသည့်လူငယ်ကို Facebook မှတစ်ဆင့် ငွေအလှူခံထားသည့် သက်သေအထောက်အထားများ၊ စစ်ဆေးမေးမြန်းနေသည့် ရုပ်သံမှတ်တမ်းများဖြင့် ယနေ့ မတ်လ ၁၀ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
“စအလှူခံတုန်းကတော့ တစ်ယောက်မှ လှူတဲ့သူမရှိဘူး။ နောက်မှ တစ်သောင်းစ၊ တစ်သောင်းစ လှူတာရှိလာတယ်” ဟု ဖမ်းဆီးခံရသည့်လူငယ်က ရုပ်သံမှတ်တမ်းထဲတွင် ပြောဆိုထားသည်ကို တွေ့ရသည်။
‘ငါချစ်သောနင် နင်မချစ်သောငါ’ Facebook အကောင့်အမည်ဖြင့် လွန်ခဲ့သည့် သုံးလခန့်ကတည်းက အွန်လိုင်းမှတစ်ဆင့် အလှူခံနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ငွေကြေးအခက်အခဲကြောင့် အလှူခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
၎င်းလူငယ်အမျိုးသားနှင့်အတူတွေ့ရသည့် လက်လုပ် Gas သေနတ်တစ်လက်၊ အလှူခံရာတွင်အသုံးပြုသည့် လက်ကိုင်ဖုန်းတို့လည်း သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နောက်တစ်ကြိမ် လိမ်လည်ခြင်းမပြုတော့ပါဟု မိဘများကိုပါ ခေါ်ယူခံဝန်ကတိရေးထိုးစေပြီး အဆိုပါလူငယ်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုသည်။
လောင်းလုံးမြို့နယ်အပါအဝင် တနင်္သာရီတိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်အသုံးပြုပြီး အွန်လိုင်းမှ ငွေအလှူခံခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း စသည့် ဖြစ်စဉ်များ မကြာခဏပွားလေ့ရှိသည်။
ယင်းအတွက်ကြောင့် သေချာစိစစ်ပြီးမှ ထောက်ပံ့လှူဒါန်းကြရန်နှင့် လိမ်လည်အလှူခံသူများရှိပါက သတင်းပေးတိုင်ကြားကြရန် သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ထုတ်ပြန်ထားကြသည်။
ကျွန်းစုမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ် အမည်ကိုအသုံးပြုပြီး အမည်မသိအဖွဲ့တစ်ခုက ပြည်သူများထံ ဖုန်းဆက် ခြိမ်းခြောက် ငွေကြေးတောင်းခံနေကြောင်း ယင်းအဖွဲ့က ဧပြီလ ၄ရက်တွင် ထုတ်ပြန်ချက်ထုတ်ကာ အသိပေးခဲ့သေးသည်။