BREAKING
March 1, 2025

ထုံတော်ရွာတွင် လက်နက်ကြီးကျည်ထိမှန်ပြီး သုံးနှစ်သားကလေးနှင့် မိခင်ဖြစ်သူဒဏ်ရာရ

April 10, 2023

တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး ခြေချောင်းအချို့ ပြတ်တောက်ဒဏ်ရာရပြီး မိခင်ဖြစ်သူလည်းဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၉ ရက်နေ့ ညနေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထုံတော်ရွာဘက်သို့ လက်နက်ကြီးဖြင့် ခြောက်ကြိမ် ပစ်ခတ်ခဲ့ရာ ရွာထဲနှင့် ရွာအနီးတို့တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည်ထိမှန်သဖြင့် ကလေးငယ်တွင် ခြေချောင်းအချို့ ပြတ်တောက်ဒဏ်ရာရကာ မိခင်ဖြစ်သူမှာ ပေါင်တွင် ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။

“လက်နက်ကြီးနဲ့ ပစ်တော့ အမေက သမီးကို ချီပြီးအိမ်ထဲဝင်ပြေးတာ ကျည်ကျပြီး လာစင်တယ်။ ကလေးမလေး ခြေချောင်းလေးတွေ ပြတ်ထွက်သွားတယ်။ အမေမှာလည်း ဒဏ်ရာတစ်ချက် ရသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကလေးငယ်၏ ခြေထောက်ကို အဝတ်ဖြင့်စည်းထားပြီး သားမိနှစ်ဦးစလုံးကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ထုံတော်ရွာအနီးတဝိုက်ရှိ ကျေးရွာအချို့တွင် ယခင်လများက တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် ဖြစ်ပွားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲမဖြစ်ဘဲ ပစ်တာက အဆိုးဆုံးပဲ။ အရပ်သားတွေပဲ ထိနေတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မတ်လနှင့် ဧပြီလအတွင်း ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ကလေး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး လယ်သစ်ရွာတွင်မူ ကလေးတစ်ဦး သေဆုံးခဲ့ရသည်။