သင်္ကြန်မတိုင်မီ ကျင်းပလေ့ရှိသည့် မြိတ်နှင့် ပုလောမြို့တို့တွင် ရိုးရာကျားအက လေးနှစ်ဆက်တိုက် မကဖြစ်သဖြင့် တိမ်ကောစပြုလာပြီဖြစ်ကြောင်း ယင်းမြို့တို့က မြို့ခံအချို့က ပြောဆိုသည်။
မြိတ်ရိုးရာကျားအကအား ရန်ပုံငွေအခက်အခဲကြောင့် ရှစ်နှစ်ဆက်တိုက်ရပ်နားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ကျရောက်သည့် ဗိုလ်ချုပ်မွေးနေ့တွင် ပြန်လည်ဖော်ထုတ်ပြ ကပြနိုင်ခဲ့ကြောင်း ကျားအကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် မကဖြစ်သလို့ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း နိုင်ငံရေး အခြေအနေတို့ကြောင့် ရိုးရာကျားအက မကဖြစ်တော့ကြောင်း မြိတ်ကျားအကအဖွဲ့ဝင်တို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဒီနိုင်ငံရေးအနေအထားဆိုရင် မြိတ်ကျားအက ပြန်ကဖို့မလွယ်ဘူး။ ကျားအက ကတဲ့သူတွေလည်း မတွေ့ရတော့ဘူး” ဟု ကျားအကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အပြင် ကျားအက အဖွဲ့ဝင်အချို့တို့သည် နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေကြရကြောင်း ၎င်းက ပြောဆိုသည်။
“ငယ်တုန်းကဆိုရင် ကျားအကက နှစ်တိုင်းတွေ့နေကျပဲ။ အခုမတွေ့ရတော့ဘူးဆိုတော့ ခုခေတ်လူငယ်တွေ သိတောင် မသိတော့ဘူးထင်တယ်” ဟု မြိတ်မြို့နေ အသက် ၆၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ပုလောမြို့ရှိ ရိုးရာကျားအကလည်း လေးနှစ်ဆက်တိုက် မကျင်းပဖြစ်ကြောင်း ယင်းမြို့ခံအချို့က ဆိုသည်။
“ပုလာက သိတဲ့အတိုင်းပဲ စစ်အုပ်ချုပ်ရေးကြေညာထားတာ။ ကျားအကထက် အရေးကြီးတာရှိသေးတယ်။ ရိုးရာဓလေ့တစ်ခုတော့ မြုပ်နေရတာပေါ့” ဟု ပုလောမြို့ခံတစ်ဦးက ပြောသည်။
မြိတ်ရိုးရာ ကျားအကအား ဒေသတွင်း ခရီးသွားလုပ်ငန်းတွင် ထည့်သွင်းကပြနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်အချို့က ပြင်ဆင်ခဲ့ဖူးသည်။
မြိတ်ရိုးရာကျားအကအား နှစ်စဉ် တပေါင်းလနှင့် ပုလောကျားအကက တန်ခူးလအတွင်း သင်္ကြန်မတိုင်မီ ကျင်းပလေ့ရှိကြသည်။
အဆိုပါ ကျားအကတို့တွင် ကျားငါးကောင်၊ ကျားမြီးဆွဲခေါ် ကျားထိန်းသူ ငါးဦး၊ မုဆိုးတစ်ဦး၊ ဗုံတီးသူတို့နှင့် လောဘန် (အမွှေးအကြိုင်တစ်မျိုး) ကိုင်သူ တစ်ဦးပါရှိကြောင်း ကျားအကအဖွဲ့တို့မှ သိရသည်။
မြိတ်ရိုးရာကျားအကသည် ယခင်က မလေးရှား ကုန်သည်များ ကုန်စည်ကူးသန်းရောင်းဝယ်ရန် လာရောက်ရင်း ၎င်းတို့ထံမှ ကျန်ခဲ့သည့် အကတစ်မျိုးဖြစ်ကြောင်း ကျားအကအဖွဲ့ခေါင်းဆောင် ဦးထွန်းဦးက ပြောဆိုခဲ့ဖူးသည်။
တနင်္သာရီမြို့တွင်မူ ရိုးရာကျားအက ယမင်နှစ်က ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကျင်းပရန် မသေချာသေးကြောင်း မြို့ခံအချို့က ပြောသည်။