ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က မြို့ခံအမျိုးသားကြီးနှစ်ဦးကို ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် ကလိန်အောင် နယ်မြေရဲစခန်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောသည်။
အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုလေးမြင့်နှင့် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးဖြူတို့နှစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြေင်း ၎င်းတို့က ဆိုသည်။
၎င်းတို့ နှစ်ဦးသည် အသက်၅၀ ဝန်းကျင်အရွယ်ခန့်ရှိကြပြီး ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။
ယင်းနောက် နောက်တစ်ရက် နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦး၏ မိသားစုဝင်အချို့ကိုလည်း ထပ်မံလာရောက် ခေါ်ဆောင်သွားသေးကြောင်း မြို့ခံအချို့က ဆိုသည်။
“မနေ့ (ဧပြီ ၈) က စရဖက စစ်ဆေးစရာရှိလို့ စခန်းလိုက်ခဲ့ဖို့ လာခေါ်သွားတယ်။ ဒီနေ့ (ဧပြီ ၉) မနက်ပိုင်းကျတော့ သူတို့မိသားစုတွေပါ စစ်စရာရှိလို့ စခန်းခေါ်ထားတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။
အထက်ပါ မြို့ခံနှစ်ဦးအား မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ဖမ်းဆီးသွားသည်ကို မသိရသေးပေ။ ၎င်းတို့နှစ်ဦးမှာ ဧပြီလ ၁၀ ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းလည်း မရှိသေးပေ။
ထပ်မံခေါ်ဆောင်ခံရသည့် မိသားစုဝင် အရေအတွက်နှင့် နောက်ဆက်တွဲအခြေအနေတို့ကိုလည်း Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကလိန်အောင်မြို့တွင် ပြီးခဲ့သည့် မတ်လက မြို့အဝင်တံတားစစ်ဆေးရေးဂိတ်၌ အမျိုးသမီးငယ် နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းတို့အပါအဝင် မြို့ခံခြောက်ဦး ဆက်တိုက် ဖမ်းဆီးခံခဲ့ရသည်။
ယင်းအနက် လေးဦးပြန်လည်လွတ်မြောက်လာကာ အမျိုးသမီးငယ်နှစ်ဦးမှာမူ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။