BREAKING
March 10, 2025

သံဖြူဇရပ်တွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်

March 10, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာတွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ခြံလုပ်သား ဦနန္ဒာထွန်းဆိုသူသည် မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ဝဲခမိကျေးရွာအနီး ရော်ဘာခြံကို ခြံရှင်းရန်အသွား လူသွားလမ်းတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးနန္ဒာထွန်းသည် ဘယ်ဘက်ခြေကျင်း ဝတ်ပြတ်ရှိဒဏ်ရာ၊ ညာဘက်ခြေသလုံး မိုင်းစထိမှန်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်ဖျံအောက် ပေါက်ပြဲဒဏ်ရာ နှင့် ဘယ်ဘက်မေးအောက် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။

“သူက ခြံကိုသွားတာ လမ်းမှာပဲ နင်းမိတယ်၊ မိုင်းတွေက လူသွား လူလာလမ်းမှာပဲ ထောင်ထားကြတော့ တော်တော်ဆိုးတယ်။ ဒေသခံတွေက အဲ့လမ်းတွေကိုပဲ အသုံးပြုပြီး ခြံသွားဘာညာ သွားကြတာလေ အခုက အဲလိုမျိုး မိုင်းထောင်ထားတော့ ဘယ်လိုသွားလာကြမလဲ။ တချို့ဆို ခြံထဲမှာလည်း မိုင်းတွေ ထောင်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဦးနန္ဒာထွန်းကို သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့လာပြီး အထူးသဖြင့် စစ်ရေးတင်းမာနေသည့် သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောမြို့နယ်အတွင်းက ဒေသခံပြည်သူများ မြေမြုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြသည်။

စစ်ရေးတင်းမာနေသည့် ကျိုက်မရောမြို့နယ်အတွင်း၌လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က ကျိုက်မရောမြို့နယ် မရမ်းကုန်းကျေးရွာနေ လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးခဲ့ကာ အမျိုးသမီးတွင်လည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။