BREAKING
March 10, 2025

မဟာချိုင်က ဈေးထဲ ထိုင်းအာဏာပိုင်များဝင်စစ်ပြီး မြန်မာ ၇ ဦးကိုဖမ်းဆီး

March 10, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက ဈေးတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဈေးရောင်းနေသော မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မဟာချိုင်ဒေသက မြန်မာနိုင်ငံသားအများစု လာရောက်လေ့ရှိသည့် ဈေးတစ်ခုဖြစ်သော ထိုင်းယူနစ်ဒေသထဲက ဈေးကို မတ်လ ၉ ရက်နေ့ ညနေပိုင်းက ထိုင်းအာဏာပိုင် အဖွဲ့ပေါင်းစုံက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဈေးထဲတွင် မြန်မာပစ္စည်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်များအပြင် ဝက်သားတုတ်ထိုးကဲ့သို့ မြန်မာအစားသောက်များလည်း ရောင်းချနေကြောင်း တွေ့ခဲ့ရသဖြင့် ထပ်မံစစ်ဆေးခဲ့ဟုဆိုသည်။

ဈေးရောင်းနေသူများကို စစ်ဆေးကြည့်ရာ ဆိုင်ရှေ့ဈေးရောင်းချခွင့် လျှောက်မထားသော မြန်မာနိုင်ငံသား ၆ ဦးနှင့် အလုပ်ရှင်မတူဘဲ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကဲ့သို့ စာရွက်စာတမ်းများ ပြည့်စုံသော်လည်း ဆိုင်တွင်ဈေးရောင်းရန် ခိုင်းခွန်နာ့လန့်ကဲ့သို့ ဆိုင်ရှေ့ဈေးရောင်းခွင့်ကတ်ပြားကို ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် အရေးယူထားပြီး စမွတ်စခွန်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: စမွတ်စခွန်ပြန်ကြားရေးဌာန, CH 7