စစ်ကောင်စီတပ်၏ စစ်မှုထမ်း အဓမ္မစုဆောင်းခံရပြီးနောက် ရှေးတန်းပို့ခံရသူ ၁၆ ဦး ထွက်ပြေးလာရာတွင် ၂ ဦးမှာ မြိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သိရသည်။
အဆိုပါ လွတ်မြောက်လာသူ ၂ ဦးမှာ ထိုင်းနိုင်ငံ ရနောင်းမြို့အချုပ်ထောင်မှ ကော့သောင်းသို့ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံရသူနှစ်ဦး ဖြစ်သည်။
အသက် ၃၀ ဝန်းကျင်ရှိကြသည့် ကိုသက်နိုင်ထွေးနှင့် ကိုနိုင်ဝင်းထွန်းတို့နှစ်ဦးသည် ရနောင်းအချုပ်ထောင်မှ ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ နေ့တွင် ကော့သောင်းမြို့ကို လွှဲပြောင်းခံရခြင်းဖြစ်သည်။
ထိုနောက် ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၄၃၁ တပ်ရင်းတွင် တစ်ပတ်ခန့်နေခဲ့ရပြီး အဆိုပါတပ်ရင်းမှတစ်ဆင့် စက်လှေဖြင့် မြိတ်မြို့သို့ပို့ဆောင်ခံရကြောင်း မြိတ် ပကဖ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
ယင်းနောက် မြိတ်မြို့ ရွှေဒူးကျေးရွာရှိ တိုက်/စည်း(တိုက်ခိုက်ရေးနှင့် စည်းရုံးရေး) ရွှေဒူးတပ်တွင် ထားရှိချိန် ထွက်ပြေးလာခြင်းဖြစ်ကြောင်း မတ်လ ၆ ရက်နေ့တွင် မြိတ်ပကဖ ထံ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“သူတို့က မိုးရွာနေတဲ့အချိန် တိုင်ပင်ပြီးထွက်ပြေးကြတာတဲ့။ လက်ရှိမှာတော့ သူတို့ကို ခိုလှုံအဖြစ်ထားထားပါတယ်။ သူတို့ ၂ ဦးက ပြီးခဲ့တဲ့ ၆ ရက်နေ့ကမှ ကျွန်တော်တို့ဆီ ရောက်လာတာပါ” ဟု ၎င်းကပြောသည်။
ကိုသက်နိုင်ထွေး၊ ကိုနိုင်ဝင်းထွန်းအပါအဝင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ၁၆ ဦးသည် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁ နာရီခန့် ထွက်ပြေးလာခဲ့သော်လည်း ၄ ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းမိသွားကြောင်း ၎င်းက ဆိုသည်။
“ကျန်တဲ့ ၁၀ယောက်က သူ့အဆက်အသွယ်နဲ့ သူတို့ ဆက်သွယ်ပြီးသွားကြတယ်။ ၄ ယောက်က ပုန်းနေတဲ့နေရာကနေ တခြားကိုထွက်လို့ ပြန်အဖမ်းခံရတာလို့ ခိုလှုံလာသူနှစ်ဦးက ပြောတယ်” ဟု မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း အဓမ္မတပ်သားသစ်စုဆောင်းခံရသူတစ်ဦးနှင့် စစ်ကောင်စီတပ်သား ၃ ဦး မြိတ်ပကဖထံသို့ လာရောက်ခိုလှုံခဲ့သေးသည်။