BREAKING
April 21, 2025

ကံ့ကော်ပန်းတက်ခူးရာမှ အပင်ခွကြား ညပ်နေသည့် မိန်းကလေးကို ထားဝယ်မီးသတ်ကယ်တင်

March 10, 2025

ဓာတ်ပုံ - ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့

ကံ့ကော်ပန်းတက်ခူးရာမှ အပင်ခွကြား၌ ခြေထောက်ညပ်ပြီး အောက်ဆင်းမရဘဲ တန်းလန်းဖြစ်နေသည့် မိန်းကလေးတစ်ဦးကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ခဲ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။

ထားဝယ်မြို့ ၊ ထားဝယ်ဆေးရုံကြီးဝင်းအတွင်းရှိ ကံ့ကော်ပင် ပေါ်တက်၍ ကံ့ကော်ပန်းတက်ခူးသည့် အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို ယနေ့ (မတ် ၁၀) နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကယ်တင်ခဲ့ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” မိန်းကလေးက ဆေးရုံထဲကပဲသန့်ရှင်းရေးဝန်ထမ်းရဲ့ သမီးပါ ၊ ပန်းတက်ခူးရင်းနဲ့ အပင်ခွကြားမှာ ခြေထောက်ညပ်နေတာ ဒဏ်ရာကတော့ မရပါဘူး”ဟု မီးသတ်တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

မိန်းကလေး ခြေထောက်ညပ်နေသည့် အဆိုပါ ကံ့ကော်ပင်၏ ခွသည် မြေပြင်မှ ပေ ၃၀ ခန့်ရှိသည့် အမြင့်တွင်ရှိပြီး ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးလှေကားဖြင့် တက်ရောက် ကယ်တင်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲထံမှ သိရသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်ကလည်း ထားဝယ်မြို့ ၊ခုံဝင်းဒပ်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း ကွမ်းသီးပင်ပေါ်တက်ပြီး ပြန်မဆင်းနိုင်ပဲ ဖြစ်နေသည့် အိမ်မွေးကြောက်တစ်ကောင်ကို ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ပေးခဲ့ဖူးသည်။