BREAKING
March 10, 2025

လောင်းလုံးမြို့ပေါ်တိုက်ပွဲတွင် ဘုန်းကြီးတစ်ပါးအပါအဝင် မြို့ခံသုံးဦး ဒဏ်ရာရ

March 10, 2025

လောင်းလုံးမြို့ပေါ်တွင် ‌မတ်လ ၈ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဘုန်းကြီးတစ်ပါးအပါအဝင် မြို့ခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လောင်းလုံးမြို့ပေါ်ရှိ စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက်စောစောပိုင်းမှ နေ့လယ် ၁၂ နာရီအထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်ကလည်း မြို့အနောက်ဘက်ပင်လယ်ပြင်ရှိ စစ်သင်္ဘောနှင့် ထားဝယ်မြို့ပေါ် တပ်စခန်းများမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ‌မြို့ခံတို့ကပြောသည်။

ယင်းလက်နက်ကြီးကျည်အချို့မှာ ဒေသခံနေအိမ်များနှင့် (က) ရပ်ကွက်ရှိ မြို့ဦးထိန်သစ်ကျောင်းကိုထိမှန်ပြီး ဘုန်းကြီးတစ်ပါး၏ ခြေထောက်ဒဏ်ရာရသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ခြေထောက်မှာက ဒဏ်ရာပြင်းမယ့်ပုံပဲ။ ဖြတ်မယ်လို့လည်းပြောနေတယ်။ သေချာတော့မသိ‌ရသေးဘူး” ဟု မြို့ခံတစ်ဦးကဆိုသည်။

ယင်းအပြင် မြို့နယ်ပညာရေးမှူးရုံးနံဘေးလမ်းကြားထဲရှိ အမျိုးသားတစ်ဦး၏ ကျောဘက်တွင်လည်း လက်နက်ကြီး ကျည်စထိမှန်းခဲ့သေးကြောင်း၊ ထိန်သစ်လမ်း(ထန်းပင်တန်းလမ်း) ထဲရှိ အသက်ကြီးပိုင်းအဖွားတစ်ဦး၏ လက်မောင်းတွင်လည်း ဗုံးစထိမှန်ခဲ့ကြောင်း မြို့ခံတို့ကပြောသည်။

အဆိုပါထိခိုက်ဒဏ်ရာရသူများကို ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့်လည်း စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်သည့် အနီးအနားမှ နေအိမ်အချို့ ထိခိုက်မှုရှိခဲ့ကြောင်း မြို့ခံတို့က‌ပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတပ်ဖွဲ့များဘက်မှ ယနေ့မတ်လ ၁၀ ရက် ညနေ ၃ နာရီအထိ ထုတ်ပြန်ခြင်းမရှိသေးသည့်အပြင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖက်ကိုလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။