ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ ထိုင်းပင်လယ်ပြင်ထဲတွင် ငါးဖမ်းလှေတစ်စီး နစ်မြုပ်ခဲ့ပြီး ငါးဖမ်းလှေပေါ်မှ မြန်မာနိုင်ငံသားများအပါအဝင် ရေလုပ်သား ၉ ဦးကို ထိုင်းရေတပ်က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ထိုင်းပင်လယ်ကွေ့ထဲရှိ ငါးဖမ်းလှေသည်သင်္ဘောတစ်စီးနှင့် တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး လှေပေါ်တွင် မြန်မာရေလုပ်သား ၃ ဦး၊ ထိုင်းရေလုပ်သား ၃ ဦးနှင့် ကမ္ဘောဒီးယားရေလုပ်သား ၃ ဦး စုစုပေါင်း ၉ ဦး ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
နံနက် ၂ နာရီအချိန်ခန့်က ငါးဖမ်းလှေသည် ဝင်တိုက်ခံရပြီး နစ်မြုပ်တော့မည့် အခြေအနေဖြစ်နေသဖြင့် ကူညီပေးရန် လှေသားများက လှေပိုင်ရှင်ကို ဂြိုလ်တုဖုန်းက ဆက်သွယ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
နစ်မြုပ်နေသော ငါးဖမ်းလှေသည် ထိုင်းတောင်ပိုင်း စွန်ခရာ-နခွန်စီထမရတ် ကမ်းရိုးတန်းက ရေမိုင် ၈၀ ခန့်တွင် ရှိနေသည်ကို ထိုင်းရေကြောင်းထိန်းသိမ်းရေးစင်တာက စစ်ဆေးတွေ့ရှိခဲ့သည်။
ထိုင်းရေတပ်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ချက်ချင်းပြုလုပ်ရန် ညွှန်ကြားခဲ့ပြီးနောက် လှေနစ်မြုပ်ပြီး ၈ နာရီအကြာ နံနက် ၁၀ နာရီအချိန်ခန့်တွင် လှေသား ၉ ဦးစလုံးကို ကယ်တင်နိုင်ခဲ့သည်။
ရေလုပ်သား ၉ ဦးစလုံးကို ရဟတ်ယာဉ်ဖြင့် စွန်ခရာခရိုင်ထဲက ရေတပ်ထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ငါးဖမ်းလှေသည် မတ်လ ၈ ရက်နေ့က ပတ်တနီခရိုင်က ထွက်သွားသည့် လှေဖြစ်ပြီး သင်္ဘောတစ်စီးဖြင့် ဝင်တိုက်ခံရပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။
သို့သော်လည်း ဝင်တိုက်ခဲ့သော သင်္ဘော၏အချက်အလက်များကို ဖော်ပြထားခြင်းမရှိသဖြင့် အသေးစိတ် အခြေအနေကို မသိရပေ။
Ref: The Thaiger, Bangkok Post, Siamrath