ဆီးရီးယားအစိုးရသစ်၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဆတ်ကို သစ္စာခံသည့် အလာဝိုက်လူနည်းစု လက်နက်ကိုင်များအကြား သုံးရက်ကြာ ပြင်းထန်တိုက်ပွဲများကြောင့် ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ဆီးရီးယားနိုင်ငံ၊ မြေထဲပင်လယ် ကမ်းရိုးတန်းဒေသများတွင် စတင်ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲများသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် ပေါ်ပေါက်လာသည့် အဆိုးရွားဆုံး သွေးထွက်သံယို အကြမ်းဖက်မှု ဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။ ယင်းမှာ ဆီးရီးယားအစိုးရသစ် အာဏာရလာပြီးကတည်းက အကြီးမားဆုံး စမ်းသပ်မှုလည်း ဖြစ်သည်။
သုံးရက်ကြာ တိုက်ပွဲအတွင်း အရပ်သား ၈၃၀ ဦး သေဆုံးခဲ့ပြီး ဆီးရီးယားအစိုးရသစ်ဘက်မှ ၂၃၁ ဦးနှင့် အာဆတ်အစိုးရဟောင်းကို သစ္စာခံသည့် လူနည်းစုအလာဝိုက် စစ်သွေးကြွ လက်နက်ကိုင်များဘက်မှ ၂၅၀ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ သေဆုံးသူအရေအတွက်ကို နောက်ထပ်သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သေဆုံးမှုအတော်များများမှာ အာဆတ်၏ မျိုးနွယ်စုဖြစ်သည့် အလာဝိုက်လူနည်းစုများကို လက်စားချေသည့်အနေဖြင့် လူသတ်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်သည်ဟု ယင်းလေ့လာရေးအဖွဲ့က ဖော်ပြသည်။
ဆီးရီးယားရှိ အလာဝိုက်လူနည်းစုသည် အာဏာရှင်သမ္မတဟောင်း ဘာရှာအာဆတ်ကို အဓိက ထောက်ခံသည့် လူနည်းစုဖြစ်သည်။
လူနေအိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ်မှ အဓမ္မနှင်ထုတ်စွန့်ခွာစေမှုများလည်း ဖြစ်ပွားခဲ့ရာ နိုင်ငံတကာ၏ ကြားဝင်ကူညီပေးမှုမရှိခြင်းကြောင့် အခြေအနေပိုဆိုးရွားခဲ့သည်ဟု အဆိုပါ လေ့လာရေးအဖွဲ့က ဖော်ပြသည်။
လက်တာကီယာနှင့် တာတပ်စ်ပြည်နယ်ရှိ ၎င်းတို့ လူမျိုးစုများမှာ အာဆတ်အစိုးရဟောင်း ဖြုတ်ချခံလိုက်ရပြီးကတည်းက ရက်သတ္တပတ်များစွာ တိုက်ခိုက်ခံနေခဲ့ရသည်ဟု အလာဝိုက် လူနည်းစုခေါင်းဆောင်များက ဆိုသည်။ အာဆတ်အစိုးရဟောင်းကို သစ္စာခံသည့် အလာဝိုက် လက်နက်ကိုင်များသည် အလာဝိုက်လူနည်းစုများကို ကိုယ်စားမပြုကြောင်း ၊ အလာဝိုက်လူနည်းစုဝင် တော်တော်များများမှာ ငြိမ်းချမ်းရေးကို အငမ်းမရ လိုချင်နေကြကြောင်း ယင်းလေ့လာရေးအဖွဲ့က ဖော်ပြသည်။
အာဆတ်အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့် HTS သူပုန်အဖွဲ့က လက်ရှိဆီးရီးယားအစိုးရသစ်ကို ဦးဆောင်လျက်ရှိသည်။ HTS သူပုန်အဖွဲ့ခေါင်းဆောင် အာမက်အယ်လ်ရှာရာက ကြားကာလသမ္မတအဖြစ် တာဝန်ယူနေပြီး လူနည်းစုအားလုံးကို ကာကွယ်ပေးမည်ဟု ထပ်တလဲလဲ ကတိပေးထားသည်။
ဆီးရီးယားအစိုးရသစ်တွင် တရားဝင်ရဲတပ်ဖွဲ့နှင့် တရားဝင်စစ်တပ်မရှိသေးသောကြောင့် ယင်းကတိကဝတ်ကို ရုပ်လုံးဖော်ရန်မှာ ခက်ခဲနေဆဲ ဖြစ်သည်။
Source: NPR