BREAKING
March 10, 2025

ဘုရင်စနစ်ဆီ ပြန်သွားရေး နီပေါတွင် လူထောင်ချီ ဆန္ဒပြ

March 10, 2025

ဓာတ်ပုံ - The Hindu ၊ Al Jazeera ၊ The Times of India ၊ Nepali Times ၊ The Kathmandu Post

နီပေါနိုင်ငံ၏ မြို့တော်ခတ္တမန္ဒူတွင် ဘုရင်စနစ်ကို ပြန်သွားရေး ၊ ဟိန္ဒူဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပေးရေး လူထောင်ပေါင်းများစွာက တနင်္ဂနွေနေ့တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

နီပေါဘုရင်ဟောင်း ဂယန်နင်ဒရာရှားသည် နိုင်ငံ့အနောက်ပိုင်းခရီးစဉ်တစ်ခုမှ ပြန်ရောက်လာချိန်တွင် ခတ္တမန္ဒူမြို့ ထရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆန္ဒပြသူဦးရေ ခန့်မှန်းခြေ ၁၀,၀၀၀ ဝန်းကျင်က လေဆိပ်ဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“တော်ဝင်နန်းတော်ကို ဘုရင်မင်းမြတ်အတွက် ဖယ်ပေးကြ” “ဘုရင်မင်းမြတ် ပြန်လာပါ ၊ တိုင်းပြည်ကို ကယ်တင်ပါ” “လေးမြတ်ရတဲ့ ဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ” “ဘုရင်စနစ်ကို ငါတို့ လိုချင်တယ်” ဟူသော ကြွေးကြော်သံများကို ဆန္ဒပြသူများက အော်ဟစ်ဆန္ဒပြခဲ့ကြသည်။

ရာနှင့်ချီသည့် အဓိကရုဏ်းနှိမ်နှင်းရေးရဲများက ဆန္ဒပြသူများကို လေဆိပ်ထဲသို့ မဝင်ရောက်နိုင်အောင် ဟန့်တားခဲ့ကြသော်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိခဲ့ပေ။

အာဏာရှင်ဆန်သည့် နီပေါဘုရင် ဂယန်နင်ဒရာရှားအား အာဏာမှ ဖယ်ရှားရန် ကြီးမားသည့် လူထုဆန္ဒပြပွဲများ ၂၀၀၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။

ယင်းနောက် ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်တွင် ဘုရင်ဂယန်နင်ဒရာရှားသည် အရပ်သားဘဝဖြင့် နေထိုင်ရန် တော်ဝင်နန်းတော်မှ ထွက်ခွာသွားခဲ့ရာ ပါလီမန်က ဘုရင်စနစ်ကို ဖျက်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

ဘုရင်စနစ်ကို ဖျက်သိမ်းလိုက်ပြီးနောက် နီပေါနိုင်ငံတွင် အစိုးရအပြောင်းအလဲ ၁၃ ကြိမ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။

ယင်းနောက် နီပေါနိုင်ငံသား အတော်များများအကြားတွင် သမ္မတနိုင်ငံစနစ်အပေါ် မကျေနပ်မှုများ ကြီးထွားလာခဲ့ပြီး သမ္မတစနစ်ကြောင့် နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ အကျင့်ပျက်ခြစားမှု များပြားလာကာ တိုင်းပြည်စီးပွားရေးကျပ်တည်းနေရသည်ဟု အပြစ်တင်ဝေဖန်မှုများ များပြားလာခဲ့သည်။

နီပေါနိုင်ငံကို နောက်ထပ်ယိုယွင်းမပျက်စီးသွားစေရန် နိုင်ငံရေးစနစ်အပြောင်းအလဲတစ်ခုကို မျှော်လင့်တောင့်တနေကြောင်း တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများက ဆိုသည်။

“ဘုရင်ကို ကျွန်တော်တို့ရဲ့ ထောက်ခံမှုအပြည့်အဝပေးဖို့ ကျွန်တော်တို့ ဒီကို ရောက်နေကြတာပါ။ သူ့ကို တော်ဝင်ပလ္လင်ထက် ပြန်ရောက်စေဖို့အတွက် သူ့နောက်မှာ ရပ်တည်ထောက်ခံကြဖို့အတွက် ဒီကို ကျွန်တော်တို့ ရောက်နေကြတာပါ”ဟု အသက် ၇၂ နှစ်အရွယ် ဆန္ဒပြသူအမျိုးသားတစ်ဦးက ပြောသည်။

၂၀၀၆ ခုနှစ်က ဘုရင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သော်လည်း လက်ရှိအချိန်တွင် စိတ်ပြောင်းပြီး ဘုရင်စနစ်ကို ပြန်ထောက်ခံလာသူများလည်း တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။

“တိုင်းပြည်မှာ ဖြစ်နေတဲ့ အဆိုးဆုံးအရာက ကြီးမားတဲ့ အကျင့်ပျက်ခြစားမှု ဖြစ်ပါတယ်။ ပြီးတော့ အာဏာရနိုင်ငံရေးသမားအားလုံးက တိုင်းပြည်အတွက် ဘာမှ မလုပ်ပေးကြဘူး”ဟု အသက် ၅၀ အရွယ်အမျိုးသားဆန္ဒပြသူနောက်တစ်ဦးက ပြောသည်။

“ဘုရင်စနစ်ကို ဖြုတ်ချလိုက်တဲ့ ဆန္ဒပြပွဲတွေမှာ ကျွန်တော် ပါဝင်ခဲ့ပါတယ်။ ဘုရင်စနစ်ကို ဖြုတ်ချလိုက်တာက တိုင်းပြည်ကို ပိုကောင်းစေမယ်လို့ မျှော်လင့်ပြီး ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် မှားသွားခဲ့ပါတယ်။ တိုင်းပြည်က ပိုထိုးကျသွားခဲ့တယ်။ ဒါကြောင့် ကျွန်တော် စိတ်ပြောင်းသွားပါတယ်” ဟု ၎င်းက ပြောသည်။

ဘုရင်စနစ်ကို ပြန်သွားမည့်အရေးနှင့် ပတ်သက်၍ နီပေါဘုရင်ဟောင်း ဂယန်နင်ဒရာရှားက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

ဘုရင်ဟောင်း ဂယန်နင်ဒရာအပေါ် လူထုထောက်ခံမှု ကြီးထွားလာနေသော်လည်း ဘုရင်ဟောင်းဂယန်နင်ဒရာအနေဖြင့် ချက်ချင်းလက်ငင်း အာဏာပြန်ရရန် အခွင့်အရေး အင်မတန် နည်းပါးနေဆဲ ဖြစ်သည်။

နီပေါဘုရင်ဟောင်း ဂယန်နင်ဒရာရှားသည် ၎င်း၏ ညီဖြစ်သူနှင့် မိသားစုဝင်များ နန်းတော်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီးနောက် ၂၀၀၂ ခုနှစ်တွင် ဘုရင် ဖြစ်လာခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်အရ နိုင်ငံ့ဥသျှောင်အဖြစ် နီပေါနိုင်ငံကို အုပ်ချုပ်ခဲ့သည်။

ယင်းနောက် ၂၀၀၅ ခုနှစ်တွင် ၎င်းသည် အကြွင်းမဲ့အာဏာကို သိမ်းပိုက်ပြီး အစိုးရဝန်ကြီးအဖွဲ့နှင့် ပါလီမန်ကို ဖျက်သိမ်းခဲ့သည်။ နိုင်ငံရေးသမားများနှင့် သတင်းထောက်များကို ဖမ်းဆီးထောင်ချခဲ့ပြီး ဆက်သွယ်ရေးစနစ်များကို ဖြတ်တောက်ခဲ့သည်။ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့ပြီး စစ်တပ်ကို အသုံးချ၍ နိုင်ငံကို အုပ်ချုပ်ခဲ့သည်။

Source: ABC News