မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြမ်းဖက်ဆောင်ရွက်ခဲ့မှုများကြောင့် သမ္မတဟောင်း ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) မှ ဖမ်းဝရမ်းထုတ်လျှင် ကူညီပေးရန် အသင့်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက အသိပေးထုတ်ပြန်လိုက်သည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးအား မကြာမီ ဖမ်းဝရမ်း ထုတ်လာနိုင်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လာချိန် ဖိလစ်ပိုင်အစိုးရက ယင်းသို့ ပြောဆိုလာခြင်း ဖြစ်သည်။
“သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို လူသားထုကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ICC က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ကျွန်တော်တို့ ကြားထားပါတယ်။ ဖြစ်လာမယ့်ကိစ္စတိုင်းအတွက် ကျွန်တော်တို့ဘက်က အဆင်သင့်ပါပဲ” ဟု ဖိလစ်ပိုင်သမ္မတရုံးဆက်ဆံရေးဌာန အတွင်းဝန် Jay Ruiz က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဒူတာတေးအား ICC က ဖမ်းဝရမ်းထုတ်မည့် သတင်းနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့်အတည်ပြုချက်မှ မရသေးကြောင်း သမ္မတရုံးဆက်ဆံရေးဌာန ဒုတိယအတွင်းဝန်တစ်ဦးက နောက်ပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ အကယ်၍ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ကသာ ဒူတာတေးအား ဖမ်းဆီးရေးနှင့် ပတ်သက်၍ အကူအညီတောင်းခံလာလျှင် ဖိလစ်ပိုင်အစိုးရအနေဖြင့် ကူညီရန် အဆင်သင့်ရှိကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ( ICC) ၏ တရားစွဲဆိုရေးဌာနက အသက် ၇၉ နှစ်အရွယ် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးအား လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဒူတာတေးသမ္မတဖြစ်ခဲ့စဉ် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း သံသယရှိ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့မှုနှင့် ဆက်စပ်၍ စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။
ယင်းစုံစမ်းစစ်ဆေးမှုတွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဘောင်မြို့၌ ဒူတာတေး မြို့တော်ဝန်ဖြစ်ခဲ့စဉ်က တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုများအပေါ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခဲ့မှုများလည်း ဆက်စပ်ပါဝင်နေသည်။
ဒူတာတေး အာဏာရစဉ်ကာလက မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးအမှုနှင့် သံသယရှိ လူပေါင်း အနည်းဆုံး ၆၂၀၀ ဦးကို ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရက နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
အမှန်တကယ် ကွပ်မျက်ခံခဲ့ရသည့် ပမာဏမှာ ၂၀,၀၀၀ ထက်ပင် ကျော်နိုင်ခြေ ရှိသည်ဟု လူ့အခွင်အရေးအဖွဲ့များက ဆိုသည်။
Source: Benar News