မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ်အရပ်သား အမျိုးသား၊ အမျိုးသမီးရှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် တနင်္သာရီမြို့အနီး စစ်ကောင်စီအမြှောက်တပ်က လယ်သစ်အရှေ့ကမ်းရွာအား လက်နက်ကြီး ၁၃ ကြိမ် ပစ်ခတ်ပြီး သုံးလုံးသည် လူနေအိမ်အပေါ်ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။
“ကလေးက ရင်ဘတ်မှာထိပြီး ပွဲချင်းပြီးသေတာ။ ဒီနေ့မွန်းလွဲမှာပဲ (မြေ) မြှုပ်လိုက်ပြီးပြီ။ ကျန်တာတော့ အသက်ကြီးရွယ်အိုတွေ ထိတာများတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
သေဆုံးခဲ့သည့် ကလေးငယ်၏မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေပြီး အဖိုးအဖွားများနှင့် နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရသူများတွင် အသက် ၆၀ ကျော်အရွယ် ဒေါ်သိန်းရီ၊ ဦးတင်ဝင်း၊ ဦးနိုင်ဝင်းတို့ ပါဝင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
လယ်သစ်ရွာကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး မကြာခဏတိုက်ပွဲများလည်း
ဖြစ်ပွားလေ့ရှိသည်။ သို့သော်လည်း ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“ဘာတိုက်ပွဲမှလည်း မရှိဘူး။ ပစ်တဲ့အချိန်ရွာမှာ မင်္ဂလာဆောင်ငွေအပ်ပွဲ (မိန်းမတောင်းရမ်းပွဲ) လုပ်နေတဲ့အချိန် ပစ်လိုက်တာပါ။ ရွာသားတွေ နာကုန်တာပေါ့” ဟု ဒေသခံနောက်အမျိုးသားတစ်ဦးက ပြောသည်။
ပွဲလုပ်သည့်နေရာသို့သာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလျှင် ထိခိုက်မှုပိုများမည်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
လက်နက်ကြီးကြောင့် လယ်သစ်အရှေ့ကမ်းရှိ တိုက်အိမ်တစ်လုံး အပါအဝင် နေအိမ် လေးလုံးပျက်စီးသွားကြောင်း ဒေသခံတို့က ဆိုသည်။
လယ်သစ်အနီးဝန်းကျင်သည် ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် နယ်မြေဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။