၂၀၂၅ နှစ်သစ်သည် နိုင်ငံရေးအရှုပ်အထွေးများနှင့် ယင်း၏ ဂယက်ရိုက်ခတ်များမှုများဖြင့် စတင်လိုက်သည်။
ကမ္ဘာကြီးကိုကြည့်လိုက်သောအခါ ကန်သမ္မတ၏ အမိန့်အသစ်များ၊ လုပ်ဆောင်မှုအသစ်များကြောင့် နိုင်ငံ ကြီးများအပါအဝင် ကမ္ဘာ့နေရာအနှံ့ အနည်းနှင့်အများဆိုသလို စိုးရိမ်သောကများဖြင့် ညံစီနေသည်။
စစ်ပွဲများနှင့် ပဋိပက္ခများပြည့်နှင့်နေပြီးဖြစ်သော မြန်မာပြည်သူများအတွက်ကား ဆိုဖွယ်ရာမရှိတော့ပြီ။
ဤသို့သော အခြေအနေကြီးတွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ငါ့နိုင်ငံ၊ ငါ့ဒေသ၊ ငါ့အကျိုးစီးပွား ဆိုသော ခေါင်းစဉ် အမျိုးမျိုးဖြင့် လူနှင်လှိုင်းများ၊ အဖမ်းအဆီး နှိပ်ကွပ်မှုများများ၊ ဖိအားပေးခြိမ်းခြောက်မှုများ၊ ရန်လိုမှုများဖြင့် ပြည့်လာနေကြောင်း သတင်းများတွင် စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ကြရသည်။
ကမ္ဘာကြီးတွင် အကြင်နာမေတ္တာ တရားပါးလျ လာကြပြီလားဟူ၍ တွေးမိသည်။ တဆက်တည်းတွင်ပင် အကြင်နာနိုင်ငံရေး ခေါင်းဆောင်ဟု အမည်တပ်ခံခဲ့ရသူ တဦးကို သတိရမိသည်။
သူသည်ကား အလုပ်သမားပါတီ၏ခေါင်းဆောင်ဖြစ်ကာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့ရသူ၊ သူ့နိုင်ငံတွင် အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်သည်။
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် ကာလက သူသည် အိမ်ထောင်ရှင်ဟု ဆိုနိုင်သော်လည်း ထိုအချိန်က သူနှင့် သူ့ချစ်သူမှာ တရားဝင် လက်မထပ်ရသေး။ (ဝန်ကြီးချုပ်တာဝန်မှ အနားယူတော့မှပင် လက်ထပ်ပွဲကျင်းပနိုင်ခဲ့သည်။)
ဝန်ကြီးချုပ် အဖြစ် တာဝန်ယူပြီး မကြာမီမှာပင် ကိုယ်ဝန်ဆောင်၍ သမီးကလေးတယောက် မျက်နှာမြင်ခဲ့သည်။ မီးဖွားခွင့် ယူခဲ့ရသော ဝန်ကြီးချုပ်တဦးပင်။ ဤသည်ကား နယူးဇီလန်ကဲ့သို့သော လူ့အဖွဲ့အစည်းတွင် ထူးဆန်းသည်မဟုတ်။
သူမ၏ ပထမအကြိမ် စတင်တာဝန်ယူသည့်ကာလတွင် လူသေဆုံးမှုများသော အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
ဗလီကျောင်းမှ ဝတ်ပြုပြီး ထွက်လာသူများကို သေနတ်သမားတဦးက ပစ်ခတ်ခဲ့ခြင်းပင်။ ထိုဖြစ်ရပ်ကို သူမ၏ ကိုင်တွယ်ပုံမှာ ညင်သာသည်။
ပစ်မှတ်ထားခံခဲ့ရသူများဖက်မှ ရပ်တည်ဖေးမ ပေးခဲ့သည်။ တဖက်တွင်မူ ယင်းဖြစ်ရပ်ကို အခြေပြု၍ လူ့အဖွဲ့အစည်းအကြား အက်ကြောင်းကြီး အဟကြီးလာမည်ကို သူသတိထားခဲ့သည်။
ကြေကွဲဖွယ်ထိုဖြစ်ရပ်အပြီးတွင် လက်နက်ထိန်းချုပ်သည့် ဥပဒေကို ရက်ပိုင်းအတွင်းမှာပင် လွှတ်တော်တွင် အတည်ပြုနိုင်အောင် ကြိုးပမ်းခဲ့ပြီး လက်နက်ကိုင်ဆောင်မှုကို ကန့်သတ်ထိန်းချုပ်ခဲ့သည်။
နားလည်သူများကမူ ထိုဖြစ်ရပ်၏ နောက်ကွယ်တွင် လူဖြူကြီးစိုးရေးဝါဒ နှင့်အတူ အစ္စလာမ်ဘာသာဝင်များကို ကြောက်ရွံ့ မုန်းတီးခြင်းနှင့် ရွှေ့ပြောင်းအခြေချသူများကို မလိုလားမှု အစရှိသည့် အရာများပါဝင်နေသည်ဟုဆိုသည်။
တကယ်တော့ ဗြိတိသျှ ဓနသဟာယအတွင်း ပါဝင်သော နယူးဇီလန်ကျွန်းတွင် မူလဒေသခံများဖြစ်သော မွာရီကျွန်းသားများ၊ ပစိဖိတ်ကျွန်းများမှ လာရောက် အခြေချသူများ၊ အရပ်တပါးမှ အခြေချလာသူများ နှင့် ဥရောပသား လူဖြူစွာရှိသည်။
ထိုမတူသော အုပ်စုအကြားတွင် လူမျိုးရေးခွဲခြားမှုများမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်။
ထိုကိစ္စမှာ ကိုင်တွယ်ရ ခက်လှသလို လက်ဝင်လှသော ပြဿနာ တစ်ခုပင် ဖြစ်သည်။ သူတာဝန်ယူစဉ်ကာလအတွင်း မူလဌာနေဒေသခံဖြစ်သော မွာရီတို့၏ စကားကို အစိုးရအတွင်း၊ လွှတ်တော်အတွင်းမှအစ နိုင်ငံအဝန်း တွင်ကျယ်အောင် လုပ်ဆောင်ခဲ့သည်။
လူမျိုးရေးခွဲခြားမှုများ တိုက်ဖျက်ရေး အားထည့်ခဲ့သည်။ ၁၉၇၀ ခုနှစ်များအတွင်း ပစိဖိတ်ကျွန်းများမှ နယူးဇီလန်သို့ လာရောက် အလုပ်လုပ်ကိုင် အခြေချသူများအပေါ် ပစ်မှတ်ထားသော လူဝင်မှုကြီးကြပ်ရေး ဥပဒေများဖြင့် ထိုစဉ်က နယူးဇီလန် အစိုးရများက ပြည်နှင်ဒဏ်ပေးခြင်းအပါအဝင် မတရား ပြုမူခဲ့သည်များကို သူ ဝန်ခံ၍ တရားဝင်တောင်းပန်ခဲ့သည်။
သူ၏ အစိုးရသက်တမ်းအတွင်း သူပြောခဲ့သည့် မိန့်ခွန်းများတွင် အကြင်နာ၊ မေတ္တာတရား၊ ကိုယ်ချင်းစာမှုများ ကို ထည့်ပြောတတ်သည်။
သူပြောသည့် အကြင်နာ တရားမှာ ပါးစပ်၌ သာလမ်းဆုံး၍ လူကြားကောင်းအောင် ပြောရုံသာမဟုတ်။ သူ၏ လုပ်ရပ်များဖြစ်သော အစိုးရဆိုင်ရာ မူဝါဒ၊ ဥပဒေများနှင့် လုပ်ဆောင်ချက်များတွင် ထင်ဟပ်နေကြောင်း သူ့အစိုးရကို စောင့်ကြည့် သုတေသနပြုခဲ့ကြသူများက ဆိုသည်။
သူသည် အကြင်နာ တရားကို နိုင်ငံရေး စံတန်ဖိုး တရပ် အဖြစ် မြဲမြဲစွဲကိုင်ခဲ့ကြောင်း ထောက်ပြကြသည်။
သူ့လက်ထက်တွင် ရေးဆွဲခဲ့သော ရသုံးမှန်းခြေ အစိုးရ ဘတ်ဂျက်သည် လူထုအတွက် ကိုယ်စိတ်နှလုံးချမ်းသာအောင် ဦးတည်ခဲ့သည်။ သူသည် စီးပွားရေးဖွံ့ဖြိုးမှု တစ်ခုတည်းကိုသာ အာရုံစိုက် အလေးပေးသောဝါဒ (Economism) ကို ပယ်သူဖြစ်ကာ အစွန်းရောက်ရန်လိုသော အမျိုးသားရေးဝါဒကို ကျောခိုင်းသူလည်းဖြစ်သည်။
သူသည် ရေပတ်လည်ဝိုင်းနေသော ကျွန်းနိုင်ငံလေးကို ကမ္ဘာကြီးနှင့် ချိတ်ဆက်ကာ လူသားအားလုံး၏ ပေါင်းစု အင်အားဖြင့် သာယာချမ်းမြေ့သော အသိုက်အဝန်းကို ထူထောင်လိုသူဖြစ်သည်။
အလျင်အမြန် စီးပွားရေး တိုးတက်လာ သည်နှင့် အမျှ ဆင်းရဲချမ်းသာ ကွာဟမှုများ၊ မမျှတမှုများ ပိုများလာသည်ကို သူထောက်ပြခဲ့သည်။
လက်ရှိစီးပွားရေးစနစ်ကြီးအတွင်း မမျှတစွာ ပယ်ကြဉ်ခံထားရသူများ၊ ထိခိုက်ခံစားရသူများ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ရမှုများ၊ စနစ်၏ သားကောင်ဖြစ်ရသော လူငယ်များ၏ ခံစားချက်၊ အလုပ်နှင့် ဘဝ သဟဇာတ မဖြစ်နေမှုများကို ကိုင်တွယ်ရန် သူအာရုံစိုက်ခဲ့သည်။
နိုင်ငံ၏ ကာဗွန်ထုတ်လုပ်မှုထိန်းချုပ်ရန် မူဝါဒနှင့် အစီအမံများချခဲ့သည်။ ဆေးလိပ်လုံးဝကင်းစင်သော အရပ်ဖြစ်စေရန်လည်း ၂၀၀၉ ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်း မွေးဖွားသူများကို ဆေးလိပ် ဆေးရွက်ကြီးတို့ ရောင်းချခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။
သူ၏ ဝန်ကြီးချုပ်ရာထူး ပထမသက်တမ်းကုန်ခါနီးတွင် ကိုဗစ်ကပ်ကြီးနှင့်ကြုံပြန်သည်။ ကမ္ဘာတဝန်း မကြုံစဖူးသော ဖြစ်ရပ်မို့ နိုင်ငံအများတွင် တုံ့ပြန်ပုံမတူ။
သူကတော့ ရဲရဲတင်းတင်းပင် တနိုင်ငံလုံးကို အိမ်တွင်း အောင်းရန် အသွားအလာထိန်းချုပ်လိုက်သည်။ ရပ်တံ့သွားရသည့် စီးပွားရေးလုပ်ငန်းများ၊ ဝင်ငွေနည်းသူများအတွက် အစိုးရက ကျားကန် ထောက်ပံ့သည့် အစီအစဉ်တွေ ဆက်တိုက် ဆိုသလို လုပ်ဆောင်သည်။
ကပ်ကြီးအတွင်း နေ့တိုင်းနီးပါး ပုံမှန် သတင်းစာရှင်းလင်းပွဲ လုပ်သလို၊ သူသုံးသော ဖေ့စ်ဘုတ် ကလည်း လိုက်ဗ် (Live) လွှင့်၍ မကြာခဏ လူထုနှင့် ထိတွေ့ခဲ့သည်။
ကိုဗစ်ကာလတွင် သူထံမှ အချင်းချင်း ကြင်နာကြပါဟူသော စကားကို အမြဲလိုလိုကြားကြရသည်။ ကိုဗစ်ကာကွယ်ဆေးကိုလည်း သူ့နိုင်ငံ၏ စံနှုန်းနှင့်ကိုက်ညီအောင် စမ်းသပ်လေ့လာပြီးမှသာ ထိုးနှံရန်စနစ်တကျ လုပ်ဆောင်ခဲ့သည်။
သူ၏ ဦးဆောင်မှုအောက်တွင် ကိုဗစ်ကပ်ကြီးအတွင်း နယူးဇီလန်သည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် လူအသေအပျောက် နည်းပါးကာ ရောဂါထိန်းချုပ်မှုကို စနစ်တကျလုပ်နိုင်ခဲ့သည်။
သူ၏အစိုးရသက်တမ်းအတွင်း အကြင်နာတရားကို ခေါင်းဆောင်မှု၊ လူ့အသိုင်းအဝိုင်း၊ မူဝါဒ နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် လက်တွေ့ကျကျ ပါဝင်လာခဲ့သည်ဟု သူ၏ခေါင်းဆောင်မှုကို သုတေသန ပြုလေ့လာခဲ့သော သူတဦးကဆိုသည်။
ဤနည်းအားဖြင့် အမျိုးသမီးဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒမ်သည် သူ၏ အစိုးရသက်တမ်းအတွင်း နိုင်ငံ၏ ရိုက်ခတ်မှုများသောနိုင်ငံရေးကို တနည်းတဖုံ ပြောင်းလဲစေခဲ့သည်ဟုဆိုသည်။
အကြင်နာတရားကို နိုင်ငံရေး၏ ပင်မ တန်ဖိုးထားမှု အဖြစ်သူ၏ လုပ်ဆောင်ချက်မှာလည်း ပြဿနာများကို ဖြေရှင်းကိုင်တွင်ရာတွင် ကောင်းမွန်စွာ ခြုံငုံမိစေသော ချဉ်းကပ်မှုတခုဟု ထောက်ပြခဲ့သည်။
ဂျက်ဆင်ဒါကား ၂၀၂၃ ခုနှစ်ကတည်းကပင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်အနားယူသွားပြီဖြစ်သည်။
ကမ္ဘာကြီးတွင် စီးပွားရေးအကျိုးအမြတ်ကိုသာ အာရုံစိုက်ကာ အမျိုးသား အကျိုးစီးပွားဟု ခေါင်းစဉ်တပ်၍ အမြတ်ထုတ်လိုသော သူများ နေရာ အာဏာ ရလာကြသောအခါ ကမ္ဘာကြီး ဘယ်လို ဖြစ်ပါမည်နည်း ဟု မဝံ့မရဲ တွေးမိသည်။
ကမ္ဘာကြီး၏ စီးပွားရေး ကိုဗစ်နောက်ပိုင်းအရှိန်ပြန်ရလာပြီဟုဆိုကြ၏။ ထိုစီးပွားရေး စနစ်အတွင်း ဆင်းရဲ ချမ်းသာ ကွာဟချက်များလာခြင်း၊ လူအများ၏ ကိုယ်စိတ်နှလုံးကျန်းမာမှု ယိုယွင်းလာ ခြင်းများ၊ ရောဂါကပ်ဘေးများ၊ စစ်နှင့်ပဋိပက္ခများ၊ ဥတုဘေးများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီး၊ ဂေဟယိုယွင်းမှုများ၊ သက်ရှိအချို့မျိုးတုန်း ပျောက်ကွယ် လာမှုများကား တိုး၍လာနေသည်။
ကံမကောင်းစွာပင် နိုင်ငံများအကြား စီးပွားပြိုင်၊ အားပြိုင်မှုများကလည်း ယခုအခါတိုး၍လာနေသည်။
ဤသို့သော ခေတ်ကာလကြီးတွင် မိမိနိုင်ငံကို မည်သို့သော ခေါင်းဆောင်မှုမျိုးဖြင့် ဦးဆောင်မည့်သူကို အာသီသ ရှိကြပါမည်နည်း။
မာမာထန်ထန်နှင့် သူတပါးက ကြောက်ရွံ့သေဝပ်အောင် ဘောဂဗလဖြင့် ဖိမည့်သူမျိုးကိုလား၊ စစ်အင်အားဖြင့် ခြိမ်းခြောက်မည့်သူလား၊ ပြေပြေလည်လည်နှင့် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဖြေရှင်းနိုင်မည့်သူလား။
ပဋိပက္ခများ နည်းအောင်၊ အရှည်ငြိမ်းချမ်းအောင်ဆိုလျှင်တော့ဖြင့် အကြင်နာနိုင်ငံရေး ခေါင်းဆောင်များများ ကမ္ဘာက လိုနေသည်ဖြစ်ပေမည်။
ဟေမန်မိုး
Ref
https://theconversation.com/jacinda-ardern-the-politics-of-kindness-is-a-lasting-legacy-198186
https://researchcommons.waikato.ac.nz/entities/publication/dd3a304e-8b65-44bc-9845-7ee7c4f5b169