မြိတ်မြို့၊ ကန်ဖျားလမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ရက် နေ့လယ်ပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားသေဆုံးကြောင်း မျက်မြင်တွေ့ရသူများနှင့် ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ကန်ဖျားလမ်းမကြီးပေါ်ရှိ ဆိုင်ကယ်က ကားကို ကျော်တက်စဥ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံတစ်ဦးက ပြောသည် ။
” ဆိုင်ကယ်က ကားကိုကျော်ပြီး ယာဥ်ကြောပြန်ဝင်တာပါ။ ကားအရှိန်ကို ဆိုင်ကယ်က မမီဘဲ အနောက်က ဝင်တိုက်ခံရပြီး တရွတ်တိုက်ပါသွားပြီးမှ ကားက ဘရိတ်အုပ်ပြီး ရပ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်မိသည့် ကားနဲ့ ဆိုင်ကယ် နံဘေးရှိ အခြားဆိုင်ကယ်တစ်စီးလည်း လဲကျကာ စီးနင်းလာသူ ဒဏ်ရာရကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။
ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ မျက်နှာနှင့် ရင်ဘတ်တွင် သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။
ကန်ဖျားလမ်းမကြီးတွင် ဆိုင်ကယ်၊ ကားများ အရှိန်ပြင်းစွာမောင်းနှင်လေ့ရှိကြောင်း မြို့ခံများက ဆိုကြ။
မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒီဇင်ဘာလက နေ့တိုင်းနီးပါး ယာဥ်မတော်တဆမှုဖြစ်ခဲ့ပြီး ဇန်နဝါရီလတွင် ယာဥ်မတော်တဆမှု ပြန်လျော့လာကြောင်း မြို့ခံပရဟိတအသင်းများထံမှ သိရသည်။