BREAKING
February 22, 2025

VOA ကို ပိတ်သိမ်းရန် အီလွန်မတ် လှုံ့ဆော်

February 10, 2025

အမေရိကန်အစိုးရက ထောက်ပံ့သည့် VOA နှင့် လွတ်လပ်တဲ့ ဥရောပအသံ(Radio Free Europe) သတင်းဌာနတို့ကို ပိတ်သိမ်းရန် အီလွန်မတ်က X လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် လှုံ့ဆော်ရေးသားလိုက်သည်။

အမေရိကန် အစိုးရစွမ်းဆောင်ရည်ဌာန( DOGE) ၏ ခေါင်းဆောင်ဖြစ်သူ အီလွန်မတ်က အမေရိကန်သမ္မတ အထူးကိုယ်စားလှယ် Richard Grenell ၏ X လူမှုကွန်ရက်စာမျက်နှာအောက်တွင် တနင်္ဂနွေနေ့က ယင်းသို့ ရေးသားလှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။

“လွတ်လပ်တဲ့ ဥရောပအသံ(RFE)သတင်းဌာနနဲ့ VOA တို့ဆိုတာ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ငွေနဲ့ ထောက်ပံ့ပေးထားရတဲ့ မီဒီယာကုမ္ပဏီတွေပဲ။ အဲဒါတွေက အစိုးရပိုင်တဲ့ မီဒီယာတွေပဲ။ ဒီမီဒီယာကုမ္ပဏီတွေထဲမှာ လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည့်နေတယ်” ဟု အမေရိကန်သမ္မတ အထူးကိုယ်စားလှယ် Richard Grenell က အီလွန်မတ်ပိုင် X လူမှုကွန်ရက်ပေါ်တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

“ဒီသတင်းထောက်တွေနဲ့ ကျွန်တော် နှစ်ပေါင်းများစွာ အလုပ်လုပ်ဖူးတယ်။ အဲဒါက အရင်တုန်းကဟာပဲ။ အစိုးရထောက်ပံ့ပေးထားတဲ့ မီဒီယာတွေကို ကျွန်တော်တို့ မလိုအပ်တော့ဘူး” ဟုလည်း ၎င်းက ရေးသားထားသည်။

ယင်းကို အီလွန်မတ်က အောက်ပါအတိုင်း မှတ်ချက်ပေး ရေးသားလှုံ့ဆော်ခဲ့သည်။

“ဟုတ်တယ်။ အဲဒါတွေကို ပိတ်ပစ်ရမယ်။ ဥရောပက အခု လွတ်လပ်နေပြီ (တင်းကျပ်တဲ့ ဗျူရိုကရေစီစနစ်ကလွဲလို့)။ သူတို့တွေကို ဘယ်သူမှ နားထောင်မနေတော့ဘူး။ အဲဒါတွေက လက်ဝဲအစွန်းရောက်အရူးတွေပဲ သူတို့ကိုယ်သူတို့ ထိုင်ပြောနေကြတဲ့ အဆင့်ပဲ ရှိတယ်။ တစ်ဖက်မှာတော့ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကို တစ်နှစ်မှာ ဒေါ်လာ ၁ ဘီလီယံ မီးရှို့ပစ်နေကြတယ်”

အီလွန်မတ်နှင့် Richard Grenell တို့နှစ်ဦးစလုံးသည် မီဒီယာအဖွဲ့အစည်းကြီးများကို အမေရိကန်အစိုးရက ထောက်ပံ့ပေးထားသည့်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသူများ ဖြစ်သည်။

အမေရိကန်ပြည်သူများ ပေးဆောင်နေရသည့် အခွန်ငွေကို မီဒီယာကုမ္ပဏီကြီးများအား ထောက်ပံ့ရန် အသုံးမပြုသင့်ဟု ၎င်းတို့ကဆိုကြသည်။

Politico, Associated Press, The New York Times အစရှိသည့် မီဒီယာအဖွဲ့အစည်းကြီးများကို အမေရိကန်ဖက်ဒရယ်အစိုးရက ထောက်ပံ့ပေးနေမှုကိုလည်း အီလွန်မတ်က ဆန့်ကျင်ဝေဖန်လျက်ရှိသည်။

ယင်းမှာ အမေရိကန်ပြည်သူများ၏ အခွန်ငွေကို ဖြုန်းတီးပစ်သည့်လုပ်ရပ်အဖြစ် ၎င်းက ပုံဖော်ပြောဆိုလျက်ရှိသည်။ အမေရိကန်ဖက်ဒရယ်အစိုးရက ယင်းသို့ ထောက်ပံ့ပေးမှုကို ရပ်တန့်ပစ်ရန် ၎င်းက ကြိုးစားလျက်ရှိသည်။

Source : The Kyiv Independent, X