BREAKING
February 22, 2025

မျောက်တစ်ကောင်ကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်သွားဟု သီရိလင်္ကာအစိုးရ ထုတ်ပြန်

February 10, 2025

ပုံစာ - တနင်္ဂနွေနေ့က လျှပ်စစ်မီးပြတ်လပ်မှုကြောင့် သီရိလင်္ကာမြို့တစ်မြို့တွင် မီးပွိုင့်ပျက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP/Getty Images

သီရိလင်္ကာနိုင်ငံတွင် တနင်္ဂနွေနေ့က တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်သွားပြီး စီးပွားရေးလုပ်ငန်းများ ကြီးကြီးမားမား ထိခိုက်နစ်နာခဲ့ရကာ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးလိုက်ရသည်။

တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ညနေ ၆ နာရီအထိ လျှပ်စစ်မီး ပြတ်တောက်သွားခြင်းဖြစ်ပြီး သီရိလင်္ကာနိုင်ငံတွင် အဆိုးရွားဆုံး လျှပ်စစ်မီးပြတ်တောက်မှုများထဲမှတစ်ခု ဖြစ်ခဲ့သည်။

ယင်းလျှပ်စစ်မီးပြတ်တောက်မှုမှာ မျောက်တစ်ကောင်ကြောင့် ဖြစ်သည်ဟု သီရိလင်္ကာအာဏာပိုင်များက စွပ်စွဲအပြစ်ပုံချခဲ့ကြသည်။

ကနဦးတွင် ဆေးလုံလျှပ်စစ်ဓာတ်အားဘုတ်အဖွဲ့က ယင်းလျှပ်စစ်မီးပြတ်လပ်မှုမှာ မြို့တော်ကိုလံဘိုတောင်ပိုင်းရှိ ဓာတ်အားပေးစက်ရုံခွဲတစ်ခုတွင် အရေးပေါ်အခြေအနေတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

နောက်ပိုင်းတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီး ကုမာရဇယာကောဒိက ယင်းလျှပ်စစ်မီးပြတ်တောက်မှု၏ အကြောင်းရင်းမှာ မျောက်တစ်ကောင်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လုံးထွေးသတ်ပုတ်နေသည့် မျောက်အုပ်တစ်အုပ် ပန္နဒူရလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်းသို့ ရောက်ရှိလာပြီး မျောက်တစ်ကောင်က ဓာတ်အားလိုင်းကြိုးပေါ် ရောက်သွားခဲ့သည်ဟု ဝန်ကြီးက ဆိုသည်။ တနင်္ဂနွေနေ့က လျှပ်စစ်မီးပြတ်တောက်မှုအတွက် လျှပ်စစ်စွမ်းအင်ဝန်ကြီးက ပြည်သူများသို့ တောင်းပန်စကား ပြောခဲ့သည်။

“မျောက်တစ်ကောင်က ဂရစ်ထရန်စဖော်မာနဲ့ ထိမိသွားတယ်။ ပြီးတော့ လျှပ်စစ်ဓာတ်အား ပေးဝေရေးစနစ်ထဲမှာ ပြဿနာတက်သွားတယ်” ဟု ဝန်ကြီးက ပြောသည်။

ယင်းဓာတ်အားပေးစက်ရုံအတွင်း ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ကြားခဲ့ရပြီး မီးလုံးကြီး တွေ့ခဲ့ရသည်ဟု ဓာတ်အားပေးစက်ရုံလုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောသည်။ မျောက်တစ်ကောင်ကြောင့် ယင်းဖြစ်ရပ်မျိုး ဖြစ်ပေါ်ရသည်ဟု ဆိုခြင်းမှာ ဖြစ်နိုင်ခြေမရှိဟု ၎င်းက ဆိုသည်။

“မျောက်တွေ ဓာတ်အားပေးစက်ရုံထဲ ခုန်ဝင်ကြတာမျိုး ခဏခဏ ဖြစ်လေ့ရှိပါတယ်။ အခု ဖြစ်သွားတာကတော့ မျောက်တစ်ကောင်ကြောင့် ဖြစ်ပုံမပေါ်ပါဘူး”ဟု ၎င်းက Daily Mirror သတင်းစာကို ပြောကြားခဲ့သည်။

Source : The Independent