လောင်းလုံးမြို့ ပေါ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က နာရီဝက်ကြာ ပစ်ခတ်သံများကြားခဲ့ရပြီး ကမြောကင်းတံတားကိုလည်း ယာယီပိတ်ထားခဲ့ကြောင်း ဒေသခံများကပြောသည်။
လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စရဖရုံးတို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယင်းဖြစ်စဉ်အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးပေ။
“လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောပါ ပစ်နေတာ ခုတော့ငြိမ်နေပြီ”ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲ ၂ နာရီကျော်အချိန်တွင် Dawei Watch သို့ပြောသည်။
ပစ်ခတ်သံများမှာ နာရီဝက်နီးပါးကြာထွက်ပေါ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း မြို့ခံများကပြောသည်။
ယင်းတိုက်ပွဲဖြစ်ပြီးနောက် ထားဝယ်မြို့ဝင်ဂိတ်ဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက နာရီဝက်ခန့်ပိတ်ပြီးနောက် ယနေ့ညနေသုံးနာရီဝန်းကျင်တွင် ပြန်လည်ဖြတ်သန်း သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။