ချင်းကာကွယ်ရေးတပ်များ သိမ်းယူထိန်းချုပ်ထားသည့် မင်းတပ်မြို့ကို ပြည်သူများအား ပြန်လည် ဝင်ရောက်နေထိုင်ခွင့် ပြုနေပြီဖြစ်ပြီး ပြန်လည်ဝင်ရောက်သူများသည် တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၉ရက်တွင် ထုတ်ပြန်သည်။
မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူများသည် မြို့နယ်၊ တိုက်နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်မှူး သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့်သာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။
ထောက်ခံစာကို မိမိနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီမှာ အခမဲ့တောင်းယူနိုင်ပြီး ထောက်ခံစာကို မြို့အဝင်ဂိတ်များတွင် ပြသနိုင်သူများသာ မြို့အတွင်းသို့ ဝင်ခွင့်ရမည်ဖြစ်ကြောင်း ဆိုသည်။
တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ထားခြင်း မရှိသေးသူများသည် မြို့အဝင်ဂိတ်များတွင် တော်လှန်ရေးရန်ပုံငွေထည့်ဝင်စေကာ ယင်းဖြတ်ပိုင်းဖြင့်သာ ဝင်ခွင့်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သီတင်းပတ်တစ်ခုလျှင် အင်္ဂါနှင့် ကြာသပတေးနေ့များတွင် နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွားလာခွင့် ရှိမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
ကုန်စည်ပို့မည့် ကုန်တင်ကားများသည် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့များမှအပ ကျန်နေ့ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မြို့ကို ဖြတ်သန်းသွားလာခွင့် ရှိမည်ဖြစ်ကြောင်း ဆိုသည်။
မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည်ဆိုသည့် အထောက်အထားဖြင့် စနစ်တကျ စိစစ်လက်ခံမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက The Mindat Post သတင်းတစ်ရပ်တွင် ပြောဆိုထားသည်။
မြို့သိမ်းတိုက်ပွဲကာလတွင် အခက်ခဲများစွာကြုံရသော်လည်း ပြည်သူအများစုမှာ ရန်ပုံငွေထည့်ဝင် ထောက်ပံ့ခဲ့ကြကြောင်း၊ ယင်းသို့အခြေအနေတွင် ရန်ပုံငွေ မထည့်သူများလည်း မြို့အတွင်းနေထိုင်ခွင့်ရသည်ဆိုခြင်းမှာ မဖြစ်သင့်ကြောင်း ချင်းညီနောင်အဖွဲ့နှင့် မင်းတပ် ပအဖ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖြေကြားထားသည်။
မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှာ သိမ်းယူထိန်းချုပ်နိုင်ခဲ့သည်။
ချင်းညီနောင်ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) စသည် ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။