BREAKING
February 12, 2025

သရက်ချောင်းမြို့နယ် ဥတ္တူရွာက အရပ်သားနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့

February 10, 2025

သရက်ချောင်းမြို့နယ် ဥတ္တူရွာက အရပ်သားနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မှာ ဖေဖော်ဝါရီလ ၈ ရက် မနက်ပိုင်းတွင် ပန်းပြင်ရွာမှနေ၍ မဲနယ်အိုးရွာလမ်းမှတစ်ဆင့် ဥတ္တူရွာထဲဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ရွာအတွင်းရှိ နေအိမ်များကို ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဥတ္တူရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ထွက်ပြေးလာရင်း စစ်တပ်နဲ့တိုးပြီး ဖမ်းခံရသူရှိတယ်လို့လည်း ကြားတယ်” ဟု ဥတ္တူရွာကနေ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဥတ္တူရွာမှ ပြန်ထွက်သွားပြီဖြစ်ပြီး နေအိမ် ၆ လုံးမီးရှို့ခံရသလို ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ထပ်မံစုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် ဥတ္တူရွာမှထွက်လာသည့် စစ်ကောင်စီတပ်က သရက်နှစ်ခွရွာလယ်ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် သရက်နှစ်ခွရွာမှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး လက်ရှိရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည်ဟု ဒေသခံအချို့ထံက သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ဥတ္တူ၊ ရန်တောင်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။