မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားရှစ်ဦး ဇန်နဝါရီလ ၃၁ ရက်က ပြန်ပေးဆွဲခံခဲ့ရပါတယ်။
အဲဒီဖြစ်စဥ်ကို မှိုင်းဝေနဲ့ ပုလဲမြေ စတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှစ်ခုကတော့ ဒီအလုပ်သမားတွေဟာ တော်လှန်ရေးအတွက် အလှူငွေမထည့်လို့ ပြန်ပေးဆွဲခံရတာလို့ ဖေဖော်ဝါရီလ ၈ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။
အထက်ပါဖော်ပြချက်နဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့သတင်းအမှား ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
Suscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေချန်နယ်ရဲ့ ရေးသားဖြန့်ချိမှုကို မြင်တွေ့ထားသူ သုံးသောင်းကျော်၊ Reaction ပြုလုပ်ထားသူ ၅၈၂ ဦးနဲ့ ဆက်လက်ဖြန့်ချိထားတာကို တွေ့ရပါတယ်။ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/8zBJ3
မှိုင်းဝေချန်နယ်ရဲ့ဖော်ပြချက်ကို ၂ နာရီခန့် အကြာမှာ Suscriber ကိုးထောင်ကျော်ရှိတဲ့ ပုလဲမြေချန်နယ်က ထပ်ဆင့် ကူးယူဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို မြင်တွေ့ထားသူ ခြောက်ရာကျော်ရှိပြီး ဆက်လက်ပျံ့နှံ့နေတာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/KL3F4
မြန်မာလုပ်သား ရှစ်ဦး ပြန်ပေးဆွဲခံရ
မလေးရှားမှာ မြန်မာအလုပ်သမားရှစ်ဦး ဇန်နဝါရီလ ၃၁ရက်မှာ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ပြန်လည်ကယ်ထုတ်ရာမှာ ကူညီ ပေးခဲ့သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတွေနဲ့ ရခိုင်အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြကြ ပါတယ်။
ပြန်ပေးဆွဲခံရသူတွေဟာ အသက် ၂၅ ကနေ ၃၅ ကြားရှိသူတွေဖြစ်ပြီး အဲဒီထဲမှာ ရခိုင်အမျိုးသမီးနှစ်ဦး၊ အမျိုးသားငါးဦးနဲ့ ချင်းအမျိုးသားတစ်ဦးတို့ ပါဝင်တယ်လို့ ကူညီပေးခဲ့သူတွေဆီကနေ သိရပါတယ်။
မလေးရှားနိုင်ငံ၊ ချားလမ်း (ရှားလန်း) မြို့မှာ တစ်ရက်ကို မလေးရှားရင်းဂစ် ၉၀ ရမယ်လို့ ပွဲစားက လိမ်လည်ခေါ်ယူ ပြန်ပေး ဆွဲခဲ့ပြီး အခန်းကျဉ်းထဲမှာ ပိတ်လှောင်တဲ့အပြင် ကြိုးတုပ်ရိုက်နှက်ခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာက ဖော်ပြပါတယ်။ နိရဉ္စရာသတင်းဌာနရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://burmese.narinjara.com/local-news/detail/67a5d57ca06d1c27262f3ead
ပြန်ပေးဆွဲသူတွေဟာ အလုပ်သမားတွေရဲ့ ဖုန်းတွေသိမ်း၊ အခန်းထဲမှာ ပိတ်လှောင်ပြီး ဖေဖော်ဝါရီလ ၁ရက်မှာတော့ အသိမိတ်တွေဆီကနေ ငွေကြေးတောင်းခိုင်းတယ်လို့ ရခိုင် နောက်ထပ်သတင်းဌာနတစ်ခုဖြစ်တဲ့ Western News က ဖော်ပြပါတယ်။
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီရုံး CARC ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမြင့်ကျော်ဆီကို ဖုန်းဆက်ပြီး ပြန်ပေးဆွဲခံရသူ နှစ်ယောက်အတွက် ရင်းဂစ်နှစ်သောင်းကို ဘဏ်အကောင့်ကနေ လွှဲပေးဖို့၊ မလွှဲပေးရင် ပြန်ပေးဆွဲခံထားရသူကို သတ်မယ် ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် မလေးရှားအာဏာပိုင်တွေကို တိုင်ကြားခဲ့တယ်လို့ ဦးမြင့်ကျော်က သတင်းမှာ ဖြေကြားထားပါတယ်။
CARC ဟာ မလေးရဲစခန်း၊ ပူချွန်းဂျာယာ ရဲစခန်း၊ IPD ဆာဒါန်း ရဲစခန်းတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၂ ရက် မနက် ၅ နာရီ လောက်မှာ ပြန်ပေးဆွဲသူတွေကို ပိတ်လှောင်ထားတဲ့ ရှားလန်းမြို့က အိမ်ကိုဝင်စီးပြီး ကယ်ထုတ်နိုင်ခဲ့တာလို့ Western News သတင်းဌာရဲ့ ဖော်ပြချက်အရ သိရပါတယ် ။
ပြန်ပေးဆွဲခံရသူထဲက ရခိုင်အမျိုးသားတစ်ဦးဟာ နားလုံးဝမကြားတဲ့အထိ ရိုက်နှက်ခံရပြီး ပြန်ပေးဆွဲခံရသူ တချို့မှာ ခန္ဓာကိုယ်အနှံ့မှာ ရိုက်နှက်ခံခဲ့ထားတယ်လို့လည်း ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောဆိုထားပါတယ်။ ဒါ့အပြင် ပြန်ပေးဆွဲခံရသူထဲက နှစ်ဦးကတော့ ရင်းဂစ် နှစ်သောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ Western News ရဲ့ သတင်းနဲ့ ရုပ်သံသတင်းကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။
သတင်းလင့် – https://www.facebook.com/share/p/1BgCqumXVB/
ရုပ်သံသတင်းလင့် – https://www.facebook.com/share/v/14pTTMUV21/
ပြန်ပေးဆွဲသူတွေမှာ မြန်မာနဲ့ မလေးရှားတွေ ပါဝင်
ပြန်ပေးဆွဲသူတွေမှာ မြန်မာနိုင်ငံသားနဲ့ မလေးရှားနိုင်ငံသားတွေ ပါဝင်ပြီး ခြောက်ဦးကို ဖမ်းမိတယ်လို့ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဘီဘီစီရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/1BawNk8Kp2/
ပြန်ပေးဆွဲခံရသူတွေကို ကယ်ထုတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး CARC page က ဖော်ပြထားကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/14hxwjvxua/
တော်လှန်ရေးနဲ့မဆိုင်
အလုပ်သမားတွေ ပြန်ပေးဆွဲခံရမှုဟာ တော်လှန်ရေးကိစ္စနဲ့ သက်ဆိုင်မှု မရှိဘူးလို့ CARC အဖွဲ့က ဒုဥက္ကဋ္ဌ ကိုရာဇာက Dawei Watch ကို ဖြေကြားပါတယ်။
“သူတို့က အလုပ်ရမယ်ဆိုပြီးသွားတာ၊ တော်လှန်ရေးဘာညာ ရန်ပုံငွေ ထည့်တာနဲ့ သူတို့နဲ့ ဘာမှ မဆိုင်ဘူး။ လျှောက်ပြောတာတွေဖြစ်လိမ့်မယ်” ဟု ၎င်းက ပြောသည်။
ပြန်ပေးဆွဲသူတွေထဲမှာ ခေါင်းဆောင်ဖြစ်သူကလွဲပြီး ခြောက်ဦးထက်မနည်းကို မလေးရှား အာဏာပိုင်တွေက ဖမ်းမိထား တယ်လို့ သူက ဆိုပါတယ်။ ပြန်ပေးဆွဲသူတွေထဲမှာ မြန်မာတစ်ဦးပါဝင်ပြီး ဂိုဏ်းပုံစံနဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုက အခုပြန်ပေးဆွဲခဲ့တာလို့ ကိုရာဇာက ပြောဆိုပါတယ်။
စိစစ်တွေ့ရှိချက်
မလေးရှားမှာ မြန်မာအလုပ်သမား ရှစ်ဦးပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။
အလုပ်အကိုင် မက်လုံးပေးပြီး ငွေကြေးတောင်းယူဖို့ ပြန်ပေးဆွဲတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြတဲ့ တော်လှန်ရေးအတွက် အလှူငွေ မထည့်လို့ NUG ထောက်ခံသူတွေက ပြန်ပေးဆွဲတယ် ဆိုတာကတော့ တော်လှန်ရေးကို ပုံဖျက်ဖို့ရည်ရွယ်ချက်နဲ့ သတင်းအမှား ဖြန့်ခဲ့တာဖြစ် စိစစ်တွေ့ရှိရပါတယ်။