မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအနီး ယနေ့(ဖေဖော်ဝါရီ ၁၀) နံနက် ၉ နာရီဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။
ထမင်းမစားရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ၁ နာရီနီးပါးကြာသည်အထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။
“တိုက်ပွဲဖြစ်နေလို့ ပုလောမှာ ကားတွေပိတ်မိနေတာ အကြာကြီးပဲ။ ရှေ့ဆက်မသွားရဲကြဘူး”ဟု ပုလောဒေသခံအမျိုးသား ကပြောသည်။
တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးကိုမူ မကြားရဟု ၎င်းတို့ကပြောသည်။
တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်လေယာဥ်များ ပျံနေသည်ကို တွေ့မြင်ရကြောင်းလည်း ဒေသခံများကပြောသည်။
စစ်ကောင်စီက ပုလောမြို့နှင့် တနင်္သာရီမြို့တို့အား စစ်အုပ်ချုပ်ရေးကြေညာပြီး နောက်တစ်ရက်တွင် ပလမြို့အနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ပလမြို့အနီးတွင်ရှိသည့် တို၊ပိတပ်၊မြဒေါင်၊ပဝတ်ကုန်း စသည့်ကျေးရွာများတွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး ယနေ့တွင်လည်း ထမင်းမစားကျေးရွာအနီး တိုက်ပွဲဆက်လက် ဖြစ်ပွါးနေခြင်းဖြစ်သည်။
ပလမြို့အနီးတစ်ဝိုက်တွင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ငါးဦးဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပြောဆို ထားသည်။
ယင်းအပြင် အရပ်သား ငါးဦးထက်မနည်းလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့သည်။
တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်သည် စစ်ရေးအရှိန်အမြင့်ဆုံးဖြစ်နေကာ တိုက်ပွဲအများဆုံး ဖြစ်ပွားရာဒေသဖြစ်ပြီး တနင်္သာရီမြို့နယ်မှာ ဒုတိယတိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်သည်။