Princes in The Darkness 1990s
အခန်း(၁၂)
အချိန်နှစ်လလောက်အတွင်း ရှမ်းပြည်မှ ကိစ္စရပ်များ ပြီးပြတ်သွားခဲ့သည်။
ဗိုလ်ကြီးအေးမြင့်နှင့် ဒေါ်ယုယုမော်တို့ အရောင်းအဝယ်ကိစ္စအတွက် ဗေဒါလည်းဝေစုတစ်ပုံရရှိခဲ့၏။
ဗေဒါက ထိုအကြောင်းကို မစ္စတာလုအား ဖုန်းဆက်ကာ ငွေများလွှဲပေးမည်ဖြစ်ကြောင်း အစီရင်ခံခဲ့သည်။
မစ္စတာလုက အခြေအနေအသေးစိတ်ကိုသာ မေးမြန်းပြီး…ဗေဒါရရှိသည့်ငွေကြေးမှာ ဗေဒါငွေများသာဖြစ်သဖြင့် သူနှင့် မဆိုင်ကြောင်း၊ ရန်ကုန်သို့ အေးအေးဆေးဆေးပြန်လာရန်သာ မှာကြား၏။
ဗေဒါတို့ကို စိတ်ခုသွားပြီဖြစ်သော ထောက်လှမ်းရေးမှ ဗိုလ်မှူးကြီးနှင့်အဖွဲ့မှာ လေယာဉ်ဖြင့် ပြန်သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် အပြန်ခရီးတွင် ဗေဒါနှင့် ကျားရွှမ် ကားကို တယောက်တလှည့်မောင်းကာ ပြန်လာခဲ့၏။
ထိုခရီးလမ်းတွင် ဗေဒါက ကျားရွှမ်ထံမှ ဂျာနူး အကြောင်းများကို တီးခေါက်ကြည့်မိသည်။
“အပါးကြီး”ဟု သူတို့ခေါ်ကြသော လောမိသားစု၏ ဖခင်ကြီးသည် ဂျာနူး ဟူသော အသက်(၈)နှစ်အရွယ်ကောင်မလေးကို “မာလိပါး”တောင်တန်းတနေရာမှ ခေါ်လာခဲ့ခြင်းဖြစ်သည်။
“မာလိပါး” ခေါ် ကိုးကန့်တောင်တန်းဒေသတွေနဲ့ ဆက်စပ်နေတဲ့ ကချင်ရွာလေးတရွာက ခေါ်လာခဲ့တာလို့ပဲ သိရပြီး ဂျာနူး ဆိုသည့် နာမည်မှအပ အခြား ဘာမှ သူ့ငယ်ဘဝအကြောင်းမသိရ။
အဘိုးကြီးလော သည် လားရှိုးအိမ်တွင် ရှိနေစဉ်ကာလကတည်းက “ဂျာနူး”ကို သူ၏ မွေးစားသမီး ဟုသာ ခေါ်ဝေါ်ခဲ့သည်။
ဂျာနူး ကို ငွေကုန်ကြေးကျခံကာပညာများသင်ပေး၏။ လောမိသားစု၏ အထူးသစ္စာခံဖြစ်စေရန် စနစ်တကျ ပုံသွင်းယူ၏။
အရွယ်ရောက်သည့်အခါ စင်ကာပူနှင့် ဩစတြေးလျတက္ကသိုလ်များအထိ သွားရောက်ပညာသင်ခိုင်းသည်။
စီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာဘွဲ့လွန်အထိ ဂျာနူးကို တက်ရောက်စေ၏။
အစပိုင်းတွင် ဂျာနူးအား..အဘိုးကြီးလော ၏ သားကြီးဖြစ်သူ မစ္စတာချူး ရုံးခန်းရှိရာ စင်္ကာပူတွင် ထားရှိပြီး လောမိသားစု၏ ငွေကြေးစီးဆင်းမှုကိစ္စများကို ကိုင်တွယ်ရသည်။
နောက်ပိုင်းတွင် မစ္စတာချူး ၏ ဇနီး၊ စင်္ကာပူသူနှင့် ဂျာနူးအကြား ပဋိပက္ခများရှိလာသဖြင့် မြန်မာပြည်ရှိ ဒုတိယသားဖြစ်သူ မစ္စတာလု ထံသို့ ခေါ်ထားရန် အဘိုးကြီးလော က ဆုံးဖြတ်လိုက်ခြင်းပင်။
ဂျာနူးသည် အဘိုးကြီးလော၏ သဘောကျနေထိုင်တတ်သူဖြစ်သဖြင့် မိသားစု၏ စာရင်းကိုင်ဖြစ်လာသည်။
ထို့ပြင် မစ္စတာလု၏ သားသမီးများကို ထိန်းကျောင်းပေးရသည့် ခေါင်းကိုင်မိခင်ရာထူးကိုလည်းယူထား၏။
အချို့က မစ္စတာလုနှင့် ဂျာနူး ငြိစွန်းနေကြသည်ဟု ပြောဆိုကြသည်။
ကျားရွှင်ကတော့..ထိုသို့ ငြိစွန်းနေသည်ဆိုလျှင်တောင်..ဂျာနူး၏ သဘောဆန္ဒမပါပဲ..မစ္စတာလုက သိမ်းပိုက်ခြင်းမျိုးသာဖြစ်မည်ဟု သုံးသပ်၏။
ရန်ကုန်သို့ ဗေဒါ ပြန်ရောက်ခဲ့ပြီ။
ဂျာနူး ကို မတွေ့ရ။ မစ္စတာလုနှင့်အတူ ထိုင်ဝမ်သို့ အလုပ်ကိစ္စခရီးထွက်သွားသည်ဟု သိရသည်။
ဗေဒါရင်ထဲတွင် တမျိုးခံစားနေရ၏။
တစ်စုံတစ်ခုကို ဆုံးရှုံးနေသလိုမျိုး..နှမြောတသမိနေသလိုမျိုး။
ရှမ်းပြည်ကိစ္စအောင်မြင်သွားသည့်အတွက် ဗေဒါနှင့် ကျားရွှမ်ကို အေးအေးဆေးဆေးအနားယူရန် ခွင့်ပေးသည် ဟု မစ္စတာလု က မှာသွားကြောင်းလည်း လောရှည်မှ တဆင့်သိရသည်။
ခွင့်ပေးသည် ဆိုသော်လည်း ဗေဒါမှာ သွားစရာနေရာမရှိ။
လက်ထဲတွင်တော့ ပွဲခရလာသည့် ငွေများနှင့် မစ္စတာလုပေးခဲ့သည့် ငွေများက အပုံလိုက်။
ကျားရွှင်ကတော့ သူ့ဇာတိ ကိုးကန့်သို့ ခေတ္တပြန်သွားသည်။
ဗေဒါက စိုးမြတ်ဆီ ဖုန်းဆက်ကြည့်၏။
စိုးမြတ်က ဖုန်းမကိုင်။ ကိုင်သည့်အခါတွင်လည်း သူအလုပ်ကိစ္စများဖြင့် မအားဟု အကြောင်းပြသည်။
ထို့ကြောင့် ဗေဒါ ဖုန်းထပ်မဆက်တော့။
အခန်းအောင်းပြီး စားလိုက်သောက်လိုက်၊ စာအုပ်များဝယ်ဖတ်လိုက်ဖြင့်သာ အချိန်ဖြုန်းနေလိုက်၏။
ထိုအတောအတွင်း ထူးထူးခြားခြား ဗေဒါဆီ သို့ ဖုန်းတစ်လုံးဝင်လာသည်။
ဖုန်းဆက်သူက ထောက်လှမ်းရေးမှ ဗိုလ်ကြီးရန်နိုင်ဝင်း။
အရက်အတူသောက်ရန် ဗေဒါကို ချိန်းဆိုသည်။
အလုပ်ကိစ္စမဟုတ်ပဲ အလွတ်သဘောဆိုသဖြင့် ဗေဒါ လက်ခံလိုက်၏။
ရှစ်မိုင်ရှိ စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုကြသည်။
ဗိုလ်ကြီးရန်နိုင်ဝင်းနှင့်အတူ “သံချောင်း”ဟု အမည်ဝှက်ပေးထားသော စစ်ထောက်လှမ်းရေးတပ်ကြပ်ကြီးတစ်ယောက်လည်း ပါလာ၏။
သံချောင်းက စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် အဓိက ကိုင်တွယ်ထောက်လှမ်းရသူဟုလည်း မိတ်ဆက်ပေးသည်။
ဗေဒါနှင့် သံချောင်းကို ဆုံပေးခြင်းမှာ အရက်သောက်ရန်ကိစ္စတစ်ခုတည်းမဟုတ်မှန်း ဗေဒါ သဘောပေါက်လိုက်၏။
ထို့ကြောင့် စကားကို ထိန်းထိန်းသိမ်းသိမ်းသာ ပြောဆိုနေရသည်။
“သံချောင်း”က ရန်ကုန်မြို့၏ စီးပွားရေးလုပ်ငန်းများအကြောင်းပြောဆိုရင်း..စိုးမြတ်နှင့် လောမိသားစု အကြား ဆက်နွယ်မှုကို တချက်တချက်စကားနှိုက်၏။
သူတို့သိပြီးသားကိစ္စဖြစ်နေသည်မို့ ဗေဒါက မငြင်း။
ထို့ထက်ပိုသည့်ကိစ္စများကိုမူ ဗေဒါကိုယ်တိုင်မသိကြောင်းပြောလိုက်သည်။
အမှန်တကယ်လည်း မစ္စတာလုက စိုးမြတ်ကို ဗေဒါမှတဆင့်သာ ဆက်သွယ်ရမည်ဟုဆိုသော်လည်း မည်သို့ စိတ်ပြောင်းသွားသည်မသိ။
သူ့တို့ချင်း တိုက်ရိုက်ဆက်သွယ်အလုပ်လုပ်နေသည်ကို ဂျာနူးဆီမှတဆင့် ဗေဒါ သိထားပြီးသား။
ဗေဒါမှာ စစ်ထောက်လှမ်းရေးနှင့် လောမိသားစုအကြား ညပ်မသွားစေရန် ပညာသားပါပါ နေထိုင်ရတော့မည်ဟု သဘောပေါက်လိုက်သည်။
ထိုညက သူတို့ ညလုံးပေါက်နီးပါး သောက်စားကြ၏။ ဗေဒါက သေနတ်ပစ်ချင်သည်ဆိုသဖြင့် ဗိုလ်ကြီး ရန်နိုင်ဝင်း အစီအစဉ်ဖြင့် မင်္ဂလာဒုံရှိ စက်ပစ်ကွင်းတစ်ခုတွင် ညသန်းခေါင် သေနတ်ပစ်သွားလေ့ကျင့်ခဲ့ကြသေးသည်။
ထောက်လှမ်းရေးခေတ်ဖြစ်သဖြင့်..သူတို့ဖြစ်ချင်သမျှ အကုန်ဖြစ်နေသည့်ခေတ်မဟုတ်လား။
………………………………..
မစ္စတာလု နှင့် ဂျာနူးတို့ ပြန်ရောက်လာကြပြီ။
ကြားထဲတွင် မစ္စတာလု၏ နှမတစ်ယောက် ဆိုင်ဖွင့်မည့်ကိစ္စများကို ဗေဒါနှင့် လောရှည်တို့ လိုက်ကူညီပေးခဲ့သည်မှလွဲပြီး သုံးလေးလ လောက် ဘာအလုပ်မှ မရှိကြ။
မစ္စတာလုက ဗေဒါကို ခေါ်တွေ့ပြီး အရက်တစ်လုံး လက်ဆောင်ပေးသည်မှအပ ထွေထွေထူးထူးဘာမှမပြော။
ဂျာနူးကိုလည်း မစ္စတာလုအိမ်တွင် မတွေ့ရ။
မစ္စတာလု၏ အကိုကြီးအိမ်တွင် မိသားစုနှစ်သစ်ကူးပွဲကို ကျင်းပမည်ဖြစ်သဖြင့် ဂျာနူးက စီမံကွပ်ကဲနေရကြောင်းသာ သိရသည်။
တခုသော..မနက်။
ဗေဒါဆီသို့ ဖုန်းဝင်လာသည်။
“ကိုဗေဒါ”
ဂျာနူး၏ အသံ။
ဗေဒါ ဝမ်းသာအားရဖြစ်သွား၏။
“လာမည့် တရုတ်နှစ်ကူးမှာ ရှင်တက်ရမယ်လို့ အပါးကြီးက ဖိတ်လိုက်တယ်…..မစ္စတာလုနဲ့အတူ တက်ရပါမယ်..ဂွပ်”
ဂျာနူး၏ အသံက သူစိမ်းဆန်ဆန်။ စက်ရုပ်မဟု သူအမည်တပ်ခဲ့စဉ်က အသံမျိုး။
သူစိမ်းဆန်သွားခဲ့ပြီလား။
ဘာပဲဖြစ်ဖြစ် သတိတရရှိခဲ့သမျှ ဒီအသံစိမ်းစိမ်းလေးနှင့်ပဲ သူချေပနိုင်ပါသည်။
လောမိသားစု၏ တရုတ်နှစ်သစ်ကူးပွဲတော်ကို မိသားစုဝင်များနှင့် မိသားစုဝင်ကဲ့သို့ ယုံကြည်ရသော လူယုံများသာ တက်ရောက်ခွင့်ရှိကြောင်း ဗေဒါ ကြားဖူးနေသည်မှာ ကြာပြီ။
ယခုတော့ သူလည်း တက်ရောက်ခွင့်ရခဲ့ပြီဖြစ်၏။ သူ့အား လောမိသားစုက သစ္စာရှိလူယုံအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။
မိသားစုတရုတ်နှစ်သစ်ကူးပွဲကို မိသားစု၏ အကိုအကြီးဆုံးဖြစ်သော မစ္စတာချူ ၏ နေအိမ်တွင် ပြုလုပ်သည်။
အကိုအကြီးဆုံး မစ္စတာချူ ကို အားလုံးက ဆရာကြီးဟု တလေးတစားခေါ်ကြရ၏။
ကျောက်စိမ်းပကာသားများခင်းထားသော ခြံကျယ်ကြီးမှာ ဉယျာဉ်တစ်ခုအလား ခမ်းခမ်းနားနား။
ခင်းကျင်းအလှဆင်ထားသည့် အပြင်အဆင်နှင့် စားပွဲသောက်ပွဲကြီးမှာလည်း လူလေးငါးဆယ်စာ။
သိန်းဆယ်ချီ တန်သည့် တရုတ်ဆေးအရက်စည်များ၊ နိုင်ငံခြားအရက်ပုလင်းများကလည်း အလျှံအပယ်။
“ အပါးကြီး”ဟု ခေါ်ကြသော မိသားစု၏ခေါင်းကိုင်ဖခင်ဖြစ်သည့် အဘိုးကြီး ရောက်မလာသေး။
အဘိုးကြီး၏ ညီများနှင့် မိသားစုများ၊ အဘိုးကြီး၏ သားသမီးများက သူတို့၏ စိတ်အချရဆုံးဖိတ်ကြားခံလူယုံများနှင့်အတူ အသီးသီးရောက်လာကြသည်။
ထို့နောက် မိသားစု၏ လုပ်ဖော်ကိုင်ဖက်ပါတနာများ၊ စစ်ဗိုလ်ချုပ်များ၏ ကိုယ်စားလှယ်အချို့။
အဘိုးကြီး၏ သားသမီးများဖြစ်ကြသော မစ္စတာချူ၊ မစ္စတာလု၊ မစ္စတာဒေးဗစ်၊ မစ္စတာအဲရစ်၊ မစ္စတာဟင်နရီ၊ မစ္စတာမိုးစက်၊ ဒေစီ၊ သီတာ မောင်နှမ အားလုံး စုံကြပြီ။
ဗေဒါ၊ လောရှည်နှင့် ကျားရွှင်တို့မှာ မစ္စတာလုအား ခြံရံကာ တက်ရောက်ကြ၏။
ခဏအကြာတွင် အဘိုးကြီးလာတော့မည်ဖြစ်သဖြင့် အားလုံး မတ်တပ်ရပ်လိုက်ကြသည်။
အပါးကြီးဘေးတွင် ဂျာနူးနှင့် နောက်ထပ်အမျိုးသမီးတစ်ဉီး။
ဂျာနူးက တရုတ်ရိုးရာအနီရောင်ဝတ်စုံဖြင့် ဆံထုံးကိုလည်း နှစ်ဖက်ခွထုံးထားသည်။
နှုတ်ခမ်းနီရဲရဲကိုဆိုးထားပြီး အလှပြင်ထားသဖြင့် ဗေဒါမှ မသိမသာခိုးငေးနေရ၏။
ထို့နောက် သူတို့မိသားစုဝင်များအချင်းချင်း နှုတ်ဆက်ကြသည်။ တရုတ်ဘာသာဖြင့် ပြောဆိုကြခြင်းဖြစ်သဖြင့် ဗေဒါနားမလည်။
စကားပြောဆိုအပြီးတွင် ရှေးဘိုးဘေးများအား ကန်တော့ကြပြီး မိသားစုဝင်များက တဝိုင်း တပည့်များက တဝိုင်းဆီ စားသောက်ကြရသည်။
အားလုံးအသီးသီးပြန်သွားပြီးသည့်နောက် အဘိုးကြီးနှင့် သူ၏ သားသမီးများ၊ သစ္စာရှိလူယုံများသာ ကျန်ရှိတော့သည်။
အဘိုးကြီးက သားသမီးတစ်ဉီးချင်းစီအား တွေ့ဆုံပြီး အန်ပေါင်းအိတ်များပေးရင်း စီးပွာရေးအရ ဆက်လက်လုပ်ကိုင်ချင်သည်များ၊ လိုအပ်သည်များကို မေးမြန်းသည်။
အချို့ကို တောင်းဆိုသည့်အတိုင်း ပေးသည်ကိုတွေ့ရ၏။
မိသားစုဝင်များပြီးသွားသည့်အခါ သစ္စာရှိလူယုံများအလှည့်ရောက်လာသည်။
မစ္စတာချူ၏ တပည့်များပြီးတော့ ဗေဒါတို့ အလှည့်ရောက်လာ၏။
ဗေဒါအလှည့်သို့ ရောက်သောအခါ ဗေဒါက အဘိုးကြီးကို ဂါရဝပြုရင်း မတ်တပ်ရပ်လိုက်သည်။
မစ္စတာလုက အဘိုးကြီးနားသို့ ကပ်ကာ ခပ်တိုတိုးပြောလိုက်သည်။
အပါးကြီးက ငွေအပြည့်ထည့်ထားသော အံပေါင်းအိတ်ကို ဗေဒါထံသို့ ကမ်းပေး၏။
“ဗေဒါ…အလုပ်ကို သစ္စာရှိ..သစ္စာရှိတာ..ကောင်းတယ်”
ဗေဒါက တရိုတသေခေါင်းညိတ်လိုက်၏။
“ကဲ..မင်းဘာလိုချင်သေးလဲ..ပြော”
ဗေဒါက ဘာပြောရမယ်မှန်းမသိ။
ရုတ်တရက် အပါးကြီးဘေးတွင် အံပေါင်းဗန်းကို ကိုင်ကာရပ်နေသော ဂျာနူးကို ကြည့်မိသွားသည်။
“ကျွန်တော် မိန်းမလိုချင်တယ်”
“ဟား..ဟား..ဟား”
အဘိုးကြီးက သဘောတကျရယ်သည်။
“လု..မင်းကောင်လေးကို…မင်းပဲ စီစဉ်ပေးလိုက်လေကွာ”
“ဟုတ်ကဲ့..အပါး”
ဗေဒါက ဂျာနူးကို မြင်ပြီး ပါးစပ်ထဲတွေ့ရာပြောလိုက်ခြင်းပင်။
နှုတ်ခမ်းနီနီ၊ ပါးနီနီဖြင့် ဂျာနူး၏ မျက်နှာလေး ပိုနီမြန်းသွားသည်။
မစ္စတာလု ကတော့ ခပ်ပြုံးပြုံးပင်။
ထိုညက ဗေဒါ သိပ်မမူး။တိုက်ခန်းသို့ ပြန်ရောက်သောအခါလည်း တော်တော်နှင့်အိပ်မပျော်။
ဘာကိစ္စ မိန်းမလိုချင်သည်ဟု ပြောလိုက်မိလည်း ကိုယ့်ဖာသာ တွေးရင်း ပြုံးလိုက်မိသည်။
………………………………..
မနက်စောစောပင် မစ္စတာလု ထံမှ ဖုန်းဝင်လာသည်။
သူ့အား ယောမင်းကြီးလမ်းခြံသို့ ချက်ချင်းလာခဲ့ရန် ဆိုသဖြင့် ဗေဒါလည်း ထွက်လာခဲ့၏။
ရုံးခန်းထဲတွင် မစ္စတာလုတစ်ယောက်တည်း။
မစ္စတာလုက စီးကရက်ကို ဖွာရင်း တီဗွီမှ တရုတ်ဇာတ်လမ်းတစ်ခုကို ကြည့်နေသည်။
ဗေဒါက ရှေ့မှခုံတွင် ဝင်ထိုင်လိုက်၏။
မစ္စတာလုက တီဗွီအကြည့်မပျက်ပဲ ဗေဒါကို မေးလိုက်သည်။
“မင်း..မိန်းမယူမလို့ဆို..အားလုံးငါစီစဉ်ပေးမယ်”
“ခင်ဗျာ”
“ဘယ်သူနဲ့ယူမှာလဲ”
“အဲ”
“မင်း ရည်းစားရှိနေပြီလား”
ဗေဒါမှာ ဘာပြန်ဖြေရမှန်းမသိ။
မစ္စတာလုက တီဗွီရီမုဒ်ကို ယူကာ ပိတ်လိုက်သည်။
“ဂျာနူးနဲ့ မင်းနဲ့ ကြိုက်တဲ့အခြေအနေဖြစ်လို့ရတယ်..ယူလို့တော့မရဘူး…ဗေဒါ”
မစ္စတာလုက ဘယ်ဘက်လက်ဖြင့် စီးကရက်ကို ဖွာရင်း ဆိုဖာပေါ် ခေါင်းကို မှီတင်လိုက်သည်။
“မင်းနားလည်မလားတော့မသိဘူး….မင်းလည်း ကြိုက်တဲ့မိန်းမယူလို့ရတယ်..ဂျာနူးလည်း ကြိုက်တဲ့ ယောက်ျား ယူလို့ရတယ်…မင်းတို့နှစ်ယောက်တော့ ယူလို့မရဘူး..ဘာလို့လဲဆိုတော့ မင်းတို့က ငါ့ရဲ့ ဘယ်ဘက်လက်နဲ့ ညာဘက်လက်လိုဖြစ်နေလို့ပဲ…သက်သက်ဆီခွဲနေမှ ငါ့အတွက်တန်ဖိုးရှိတာ..ပူးပေါင်းသွားလို့မဖြစ်ဘူး”
“ကျွန်တော်နားလည်ပါတယ်”
မစ္စတာလုက ပြုံးလိုက်သည်။
ထို့နောက် စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်အား ထုတ်ကာ ဗေဒါထံ ကမ်းပေးလိုက်၏။
“မင်းကို ငါတောင်းပန်စရာ ကိစ္စတစ်ခုလည်း ရှိသေးတယ်..ဗေဒါ”
သူ့အားတောင်းပန်မည်ဆိုသဖြင့် ဗေဒါ အံဩသွား၏။
“တခြားတော့မဟုတ်ဘူး…စိုးမြတ်ကိစ္စပဲ…. မင်းကတဆင့် ကြားခံပြီး သူနဲ့အလုပ်လုပ်မယ်လို့ ပြောထားပေမယ့်..မင်းကို ရှမ်းမြောက်ကိစ္စခိုင်းဖို့ဖြစ်လာတော့… ငါပဲ တိုက်ရိုက် သူ့ကို ငွေထုတ်ပေးလိုက်တယ်..မင်းကို အဲ့ဒီကိစ္စမပြောမိလို့ ငါတောင်းပန်တယ်.အခု”
သူသိပြီးသားကိစ္စမို့ ဗေဒါက ထူးပြီး အံဩမနေ။
မစ္စတာလု က စကားကို ဆက် မပြောပဲ ရပ်ထား၏။
ထို့နောက် သူ့အလုပ်စားပွဲရှိ ဆုံလည်ခုံပေါ်သို့ သွားထိုင်လိုက်သည်။
“အခု..တစ်နှစ်လောက်ရှိနေပြီ..စိုးမြတ်ဆီက အကျိုးအမြတ်လည်းမရဘူး..အရင်းအနှီးထုတ်ပေးလိုက်တဲ့ ငွေလည်း ပြန်မရဘူး..ငါ့ကိုလည်း ဆက်သွယ်မလာတော့ဘူး”
ဗေဒါလည်း စိုးမြတ်က သူခေါ်လာသည့်သူမို့ ဘာပြောရမယ်မှန်းမသိ။
“ဒီကိစ္စ တွေ မင်းမှာ တာဝန်မရှိပါဘူး..ငါ့မှာသာ တာဝန်ရှိတာပါ…အင်း..ငါ့အတွက် သိန်းတစ်ရာဆိုတဲ့ ငွေက ဘာမှမဟုတ်ဘူး..ဒါပေမယ့်…ငါ့ကိုသစ္စာဖောက်တာကိုတော့….ငါလက်မခံဘူး…မင်း..စိုးမြတ်ကို ရအောင်ရှာပြီး သူကိုယ်တိုင် သစ္စာပြုခဲ့တဲ့ ဒီစာချုပ်ပြန်ပေးလိုက်ပါ…သူလုပ်ခဲ့တဲ့ကိစ္စ သူတာဝန်ယူရတော့မယ်”
မစ္စတာလုက စိုးမြတ်လက်မှတ်ထိုးခဲ့သည့် စာချုပ်ကို စုတ်ဖြဲလိုက်သည်။
ထို့နောက် ပလက်စတစ်အိတ်တစ်ခုဖြင့် သေချာထည့်ကာ ဗေဒါလက်ထဲသို့ ထည့်လိုက်၏။
………………………………..
ဗေဒါ စိတ်တွေ ရှုပ်ထွေးနောက်ကျိကုန်သည်။
သူ့အနေဖြင့် စိုးမြတ်ကို မိတ်ဆွေရင်းတစ်ယောက်လို ခင်မင်ခဲ့၏။
အင်းစိန်ထောင်ထဲတွင်ရှိစဉ်ကလည်း စိုးမြတ်အနေဖြင့် သူ့အား ညီအရင်းအချာတစ်ယောက်လို ကောင်းခဲ့သည်။
စိုးမြတ်သည် လူမိုက်တစ်ယောက်ဖြစ်သော်လည်း မှန်ကန်သည့်စိတ်ထားရှိသူဟု ဗေဒါက သတ်မှတ်ခဲ့၏။
သူ့တို့နှစ်ယောက်ကြား အပြန်အလှန်ကျေးဇူးတရားများလည်းရှိကြသည်ပဲ။
ဗေဒါက စိုးမြတ်ကျင်လည်ရာနေရာများသို့ တကိုယ်တည်းသွားပြီး စနည်းနာကြည့်၏။
စိုးမြတ်သည် ယခင်လို မဟုတ်တော့။
လုပ်တိုင်းဖြစ်နေသည့် စိုးမြတ်ဘဝနှင့် ငွေက သူ့ကို တဖြည်းဖြည်းဖျက်စီးသွားခဲ့ပြီဟု မှတ်ချက်ချကြသည်။
ရဲများနှင့်ပူးပေါင်းပြီး မူးယစ်ဟန်းကြီးသမားများထံမှ ငွေညှစ်ခြင်း၊ မိန်းမကိစ္စနှင့်ပတ်သက်၍ အချင်းချင်း စည်းဘောင်များကျော်လာခြင်းစသည့် သတင်းများကလည်း ပွထနေ၏။
စိုးမြတ်က မစ္စတာလုကို ကျော်ခွပြီးနောက် နောက်ထပ် ဖားတစ်ယောက်နှင့် ပူးပေါင်းသွားခဲ့သည်ကိုလည်း ဗေဒါ သိရသည်။
ထိုဖားကိုလည်း ဗေဒါ ကောင်းကောင်းသိသည်။ သူ့နာမည်က ကိုနေလင်း။
လောင်းကစားလောကတွင် မသိသူမရှိ။ ပြုံးပြုံးပြုံးပြုံးနှင့်သဘောကောင်းသလောက်..သိုသိုသိပ်သိပ်နှင့် ပြတ်ပြတ်သားသားလုပ်တတ်သူ။
သူ့လက်တံကလည်း ခပ်ရှည်ရှည်။
ဗေဒါအနေ့ဖြင့် စိုးမြတ်ကို ကြာကြာမရှာရ။
သူစီးနေကျ ဆိုင်ကယ်ကို အလုံတစ်နေရာရှိ ဘိလိယက်ခုံတစ်ခုရှေ့တွင် တွေ့လိုက်ရသည်။
ဗေဒါက ကားကို ရပ်ပြီး ဘိလိယက်ခုံထဲသို့ ဝင်လိုက်၏။
စိုးမြတ်၏ တပည့်ရင်း ဧရာကြီးကိုသာ တွေရသည်။ ဧရာကြီးက ဗေဒါ့ကို နှုတ်ဆက်၏။
“မင်း..ဆရာရော”
ဧရာကြီးက ဘိလိယက်ခုံအနောက်ဘက်ရှိ တံခါးကို ညွှန်ပြလိုက်သည်။
ဗေဒါက တံခါးကို အသာအယာခေါက်လိုက်၏။ တံခါးက စေ့ထားရုံဖြစ်သဖြင့် တွန်းဖွင့်လိုက်သည်။
အထဲတွင် စိုးမြတ်က အပေါ်ပိုင်းဗလာကျင်းဖြင့် ထိုင်နေ၏။ ပုဆိုးကိုလည်း ပေါင်အထိ လှန်တင်ထားသည်။
သူ့ပေါင်ကို တက်တူးဆရာဖြင့် တက်တူးထိုးနေခြင်းပင်။
ဗေဒါကို မြင်တော့ စိုးမြတ် ရုတ်တရက်မျက်နှာပျက်သွားသည်။
သို့သော် ချက်ချင်းပင် အိန္ဒြေဆည်လိုက်၏။
“ဗေဒါ..မတွေ့တာတောင်..ကြာပေါ့ကွာ”
ဗေဒါက စိုးမြတ်ဘေးတွင်ချထားသော ခုံတစ်ခုံကို ဆွဲယူကာ ထိုင်လိုက်သည်။
“ကိုစိုးမြတ်….ဒီမှာ”
ဗေဒါက သူ့အိတ်ထဲတွင် အသင့်ပါလာသော စာချုပ်အစုတ်အပြဲကို ထုတ်ပေးလိုက်သည်။
စိုးမြတ်က နားမလည်သလိုဖြင့် ကြည့််နေ၏။
“အဲ့ဒါ…ဘာလဲ”
“ခင်ဗျား မစ္စတာလု ဆီမှာ ထိုးထားတဲ့ စာချုပ်လေ…အခု သူက ဖြဲပြီး ခင်ဗျားကို ပေးခိုင်းလိုက်တာ”
စိုးမြတ်က သဘောတကျရယ်လိုက်သည်။
“အဟက်..ဟက်…ဒီတရုတ်တွေက ဟောင်ကောင်လူဆိုးဂိုဏ်းကားတွေ ကြည့်တာများပြီထင်တယ်ကွာ”
“မဟုတ်ဘူး..ကိုစိုးမြတ်…ခင်ဗျား မစ္စတာလုကို ဆက်သွယ်လိုက်ပါ….သူ့အတွက် ပိုက်ဆံ သိန်းတစ်ရာဆိုတာ ဘာမှမဟုတ်ဘူး…သူလိုချင်တာက..ခင်ဗျားသူ့ကို ရှင်းပြတာကို လိုချင်တာ”
စိုးမြတ်က ပုခုံးတချက်တွန့်လိုက်သည်။
“သူနဲ့ငါ အလုပ်တခု ကို စပ်တူလုပ်ကြတယ်..သူကငွေရင်းတယ်..ငါက အသက်နဲ့ရင်းတယ်..ဘဝနဲ့ရင်းတယ်…အဲ့ဒီ အလုပ်က အရှုံးပေါ်တယ်ကွာ…ဒီလောက်ပဲလေ…ငါက ဘာတွေပြန်ပေးနေ ပြန်ရှင်းပြနေရဉီးမှာလဲ”
“ကျွန်တော်ဆိုလိုတာလည်း…ဘာကြောင့်ရှုံးတာလဲဆိုတဲ့ အကြောင်းပြချက်လောက်…သူ့ကို ပြောပြစေချင်တာလေ… မစ္စတာလုအကြောင်း ခင်ဗျား ဘယ်လောက်သိလို့လဲ..ကိုစိုးမြတ်”
“မင်းရဲ့ မစ္စတာလုက ရော စိုးမြတ်အကြောင်း ဘယ်လောက်သိလို့လဲ…ဗေဒါ”
“ခင်ဗျားနဲ့ ကျွန်တော်က ညီအကိုတွေလို နေလာတာမို့..ကျွန်တော်က သတိပေးတာပါ..ကိုစိုးမြတ်.. မစ္စတာလု ဟာ ဘယ်လိုလူမျိုးဆိုတာ ခင်ဗျားထက်တော့ ကျွန်တော်က အများကြီး ပိုသိတယ်..ဒါကြောင့် သတိပေးနေတာ”
“ဟေ့ကောင်..ဗေဒါ…စိုးမြတ်ကွ…သေမှာမကြောက်ဘူး..သတ်ရမှာလည်းမကြောက်ဘူး….မင်းငါ့ကို လာမခြိမ်းခြောက်နဲ့”
စိုးမြတ် အသံက အနည်းငယ်ကျယ်သွား၏။
ဂျင်ဝိုင်းတွင် စိတ်ဝင်စားနေသောလူများရော၊ အပြင်ဘက် ဘိလိယက်ခုံမှ တချို့ကပါ သူတို့ကို အကဲခတ်လိုက်ကြသည်။
စိုးမြတ်က ဘာမှမဟုတ်ဘူးဆိုသည့်သဘောဖြင့် လက်ကာပြလိုက်၏။
ဗေဒါ ကတော့ ခပ်ပြုံးပြုံးနှင့် စိုးမြတ်၏ မျက်လုံးတည့်တည့်ကို ကြည့်နေလိုက်သည်။
“ဒီမှာ..ဗေဒါ…. ငါ …ဒီလိုနေရာ ဒီလိုအချိန်မျိုးကို ရောက်ဖို့…ဟိုးငယ်ငယ်ကလေးကတည်းက သေမယ့်အလုပ်တွေ ချည်းရွေးလုပ်လာခဲ့ရတာ…ငှက်အော်စမ်းကလေးထောင်ဆိုတာ ငါ့အတွက် ဒုတိယအိမ်ပဲ… အဲ့ဒီအချိန်က လူမိုက်ရင့်မကြီးတွေဖြစ်ခဲ့တဲ့ ကိုရေခဲတို့၊ ကိုကြေးမုံတို့ဆီ ငါမရောက်ရောက်အောင်သွားခဲ့တယ်…. သူတို့ နည်းနာတွေကို ငါရအောင်ယူခဲ့တယ်…အခု ဒီနေရာဟာ ငါ့နေရာဖြစ်လာပြီ..ငါ့ခေတ်ဖြစ်လာပြီ… ဒီတော့… ငါ့ကို လာသတ်မယ်ဆိုလည်း..ငါက အသင့်ပဲ..အေး..သေအောင်တော့သတ်ပေါ့ကွာ..ဒါ ငါ့စကားအကုန်ပဲ..ဗေဒါ”
ဗေဒါက ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ဗေဒါ၏ ခါးမှ ဆယ်လူလာဖုန်းက ထမြည်လာ၏။
“ဟယ်လို”
“ဗေဒါ…မင်း စိုးမြတ်ဆီ ရောက်နေတာမဟုတ်လား”
မစ္စတာလုက တပ်အပ်ပြောလိုက်သဖြင့် ဗေဒါပင် လန့်သွားသည်။
“ဟုတ်ပါတယ်”
စိုးမြတ်လည်း သဘောပေါက်သွားပုံဖြင့် ကြည့်နေ၏။
“ဘာထူးလဲ”
“ဘာမှ မထူးပါဘူး”
“အေး..ဒါဆိုလည်း..ပြန်ခဲ့တော့ကွာ..သိန်းတစ်ရာက ငါ့အတွက် ဘာမှမဟုတ်ပါဘူး…ငါလျှော်ပေးလိုက်တယ်လို့ ပြောလိုက်.ဘာပြဿနာမှ ဖြစ်မနေနဲ့.. အခု ပြန်လာခဲ့”
“ဟုတ်ကဲ့ပါ”
ဗေဒါက ဖုန်းကို ပိတ်ပြီး စိုးမြတ်ကို ကြည့်လိုက်သည်။
“မစ္စတာလုက ခင်ဗျားအကြွေးတွေကို လျှော်ပေးလိုက်ပြီ..ကိုစိုးမြတ်”
ထိုအခါမှ စိုးမြတ်၏ မျက်လုံးထဲတွင် စိုးရိမ်ခြင်းအငွေ့အသက်တချို့ ကို ဗေဒါ ခံစားလိုက်ရ၏။
ဆက်ပြောစရာ စကားလည်းမရှိသည်မို့ ဗေဒါ ထထွက်လာလိုက်သည်။
“ဗေဒါ”
ကားပေါ်တက်ခါနီးတွင် ဘိလိယက်ခုံထဲမှ ထထွက်လာသော စိုးမြတ်။
ခြေသလုံးတွင်လည်း တက်တူးထိုးလက်စမို့ သွေးစက်လက်ဖြင့်။
ဗေဒါ၏ ကားမှန်တံခါးတွင် စိုးမြတ်က လက်တင်ကာ ခါးကို ကိုင်းလိုက်၏။
“မစ္စတာလုက ငါ့ကို သတ်ခိုင်းရင်း…မင်း သတ်မှာလား..ဗေဒါ”
ဗေဒါက ခေါင်းခါလိုက်သည်။ ထို့နောက် ကားဒတ်ချ်ဘုတ်ကို ဖွင့်ပြလိုက်၏။
ပစ္စတိုတလက်နှင့် ကျည်ဘောက်။
“ကိုစိုးမြတ်..ခင်ဗျားနဲ့ ကျွန်တော်ဟာ မစ္စတာလုနဲ့ မတွေ့ခင်ကတည်းက တွေ့ခဲ့ကြတဲ့ မိတ်ဆွေတွေပါ.. အခုကိစ္စမှာ ကျွန်တော် တတ်နိုင်တာ ကုန်သွားပြီ..ကျွန်တော့်လက်နဲ့လည်း ခင်ဗျားကို ဘယ်တော့မှ မသတ်ပါဘူး…စိတ်ချပါ..ဒါပေမယ့်..မစ္စတာလုအတွက် အလုပ်လုပ်ပေးနေတဲ့လူတွေက ကျွန်တော်အပြင် တခြားအများကြီးရှိသေးတယ်…ကျွန်တော်တို့အချင်းချင်းတောင် လူစုံအောင် မသိကြပါဘူး..တူညီတာကတော့ .သူတို့အားလုံးမှာ ဒီလိုသေနတ်တလက်တော့ ရှိကြတာချည်းပဲ…အစစ အရာရာ သတိထားပါ..အကို”
“ငါ မင်းကို ယုံပါတယ်..ဗေဒါ…ဒါပေမယ့်..မင်းကို ငါ တစ်ခု မှာစရာရှိတယ်”
ပြောပါဆိုသည့် သဘောဖြင့် ဗေဒါက ခေါင်းဆတ်ပြလိုက်၏။
“ဟိုးမှာ..ဘိလိယက်ခုံထဲက ကောင်လေး..မင်းသိတယ်မဟုတ်လား”
စိုးမြတ် ညွှန်ပြသည်က ဧရာကြီး။
“သူ့ကို ငါ ကြံတောသင်္ချိုင်းထဲကနေ ဒီအခြေအနေအထိ ရောက်အောင် စောင့်ရှောက်ပေးလာတာ…တကယ်လို့ တခုခုဆို သူ့ကိုတော့ မင်း ကြည့်ပေးပါ”
“သူက ဘယ်သူမို့လို့လဲ..ခင်ဗျားအမျိုးလား”
စိုးမြတ်က ခေါင်းခါလိုက်သည်။
“ငါလေးစားခဲ့တဲ့ လူတစ်ယောက်ရဲ့ သားပေါ့ကွာ”
“ဘယ်သူများလဲ”
“ဉီးကြေးမုံ”
ဗေဒါ၏ ခေါင်းထဲတွင် မေယုကြေးမုံ ကို ဖြတ်ခနဲ သတိရလိုက်တော့သည်။
ခက်ဇော်